ဇူလိုင် - ၁၇ ( သောကြာနေ့ )
အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆူဒန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွက် ငွေကြေးထောက်ပံ့နေတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့အတွက် ဆူဒန်နိုင်ငံကထွက်တဲ့ ရွှေတွေကို ဝယ်ယူတာ၊ တင်သွင်းတာနဲ့ လွှဲပြောင်းတာတွေ အားလုံးကို ပိတ်ပင်လိုက်တယ်လို့ ဥရောပသမဂ္ဂ (အီးယူ) က တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
ဒီပိတ်ဆို့မှုအရ ရွှေတူးဖော်ရာမှာသုံးတဲ့ ပြဒါးနဲ့ ဆိုင်ယာနိုက် အပါအဝင် သတ္တုတွင်းသုံး ဓာတုပစ္စည်းတွေကို ဆူဒန်နိုင်ငံဆီ ရောင်းချတာ၊ ထောက်ပံ့တာ၊ လွှဲပြောင်းတာနဲ့ တင်ပို့တာတွေကိုပါ ပိတ်ပင်ထားပါတယ်။
အီးယူ ရဲ့ ထုတ်ပြန်ချက်ထဲမှာ "ရွှေဟာ ဆူဒန်နိုင်ငံတွင်း ပဋိပက္ခတွေကို ဆက်လက်ရှင်သန်စေတဲ့ အဓိက ဝင်ငွေအရင်းအမြစ် ဖြစ်လာခဲ့တယ်" လို့ ဖော်ပြထားပြီး ဒီလိုပိတ်ဆို့လိုက်တာဟာ "အကြမ်းဖက်မှုတွေကို ဆက်လုပ်နေတဲ့သူတွေဆီ လက်လှမ်းမီနိုင်မယ့် အရင်းအမြစ်တွေကို လျှော့ချပစ်ဖို့ ရည်ရွယ်တာဖြစ်တယ်" လို့လည်း ထည့်သွင်းပြောကြားထားပါတယ်။
ကမ္ဘာ့ရွှေကောင်စီ ရဲ့ အချက်အလက်တွေအရ ဆူဒန်နိုင်ငံဟာ တစ်နှစ်ကို ရွှေတန်ချိန် ၇၄.၆ တန်အထိ ထွက်ရှိပြီး အာဖရိကမှာ ပဉ္စမမြောက် ရွှေအများဆုံးထွက်တဲ့ နိုင်ငံဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြားထဲမှာ ဆူဒန်အစိုးရစစ်တပ်ရော၊ ပြည်သူ့စစ်အဖွဲ့ ပါ ရွှေထွက်တဲ့နယ်မြေတွေနဲ့ ကုန်သွယ်ရေးကွန်ရက်တွေကို ထိန်းချုပ်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့ရဲ့ အစီရင်ခံစာတစ်ခုအရ ဆူဒန်နိုင်ငံက ထွက်သမျှ ရွှေတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ ပြည်ပကို မှောင်ခိုလမ်းကြောင်းကနေ ခိုးထုတ်ခံနေရတာဖြစ်ပြီး ဒီလို တရားမဝင် ကုန်သွယ်ရေး ကွန်ရက်တွေကပဲ စစ်ပွဲစီးပွားရေး ကို ဆက်ပြီး လည်ပတ်နိုင်အောင် ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment