အီရန်က ပင်လယ်ကွေ့နိုင်ငံတွေအားလုံးကို ပတ်ကြမ်းတော့မယ်လို့ သတိပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်က ပင်လယ်ကွေ့နိုင်ငံတွေအားလုံးကို ပတ်ကြမ်းတော့မယ်လို့ သတိပေး


ဇူလိုင် - ၁၇ ( သောကြာနေ့ ) 

မနေ့ညက အမေရိကန်ဟာ အီရန်ကို နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ အီရန်နိုင်ငံတစ်ဝှမ်းက တံတားတချို့အပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံတွေ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း အီရန်နိုင်ငံ (တီဟီရန်) ဘက်က အခြေအနေတွေ ပိုပြီးတင်းမာလာရင် တစ်ဒေသလုံး ထိခိုက်ခံစားရလိမ့်မယ်လို့ သတိပေးထားပါတယ်။

ဒီအပတ်အစောပိုင်းတုန်းက သမ္မတ ဒေါ်နယ်ထရန့်က အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ စွမ်းအင်ကဏ္ဍ အခြေခံအဆောက်အအုံတွေနဲ့ တံတားတွေကိုပါ ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးချဲ့လုပ်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီနောက် ကြာသပတေးနေ့ညနေပိုင်းမှာတော့ အမေရိကန်ဗဟိုစစ်ဌာနချုပ်  က ၆ ရက်မြောက် ဆက်တိုက် တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး အကျဉ်းချုပ် ထုတ်ပြန်ခဲ့ပေမဲ့ ဘယ်နေရာတွေကို တိုက်ခိုက်ခဲ့လဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

အီရန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ အီရန်တောင်ပိုင်းမှာ အနည်းဆုံး တံတား ၃ စင်း ထိမှန်ပျက်စီးခဲ့ပြီး လူ ၂ ဦးထက်မနည်း သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ Press TV မီဒီယာကတော့ တိုက်ခိုက်ခံရတဲ့ တံတားနှစ်စင်းဟာ ဘန်ဒါခါမီယာ မှာ ဖြစ်တယ်လို့ ဆိုပြီး ပျက်စီးသွားတဲ့ နောက်ဆက်တွဲ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကိုပါ ထုတ်လွှင့်ပြသခဲ့ပါတယ်။

သတင်းတွေရဲ့ အဆိုအရ အမေရိကန်ရဲ့ ဒုံးကျည်တွေဟာ အီရန်အရှေ့တောင်ပိုင်းမှာရှိတဲ့ အီရန်ရှာဟာ လေဆိပ်  ကိုလည်း ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘန်ဒါအဘတ်စ် မြို့က လူနေရပ်ကွက်တစ်ခုကို တိုက်ခိုက်ခဲ့မှုမှာလည်း အနည်းဆုံး အရပ်သားတစ်ဦး သေဆုံးပြီး နောက်ထပ် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အမေရိကန်က နောက်ဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတဲ့အပေါ် အီရန် (တီဟီရန်) က ထိပ်တန်း ထောက်လှမ်းရေးအရာရှိတစ်ဦးက RT သတင်းဌာနကို ကြာသပတေးနေ့မှာ အခုလို ပြောကြားခဲ့ပါတယ်။

"အကယ်၍ ရန်သူက ရေရှည်တိုက်ခိုက်ပြီး လူအင်အား၊ လက်နက်အင်အား ဖြုန်းတီးပစ်မယ့် စစ်ဗျူဟာ ကို သုံးပြီးတော့ အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို ဆက်တိုက်ခိုက်တာမျိုး၊ ဒါမှမဟုတ် အီရန်အရာရှိတွေကို ထပ်ပြီး လုပ်ကြံသတ်ဖြတ်တာမျိုးတွေ လုပ်လာမယ်ဆိုရင်တော့ တစ်ဒေသလုံးက ဒီအတွက် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရပါလိမ့်မယ်" လို့ သူက သတိပေးလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် အီရန်ဘက်က ဒေသတွင်းစစ်ပွဲတစ်ရပ်ကို အရှိန်အဟုန်မြှင့် ဆင်နွှဲသွားမှာဖြစ်ပြီး ဒါဟာ အမေရိကန်ကို "အံ့အားသင့် မှင်တက်" သွားစေလိမ့်မယ်လို့ အဆိုပါ သတင်းရင်းမြစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ မျှော်လင့်ချက်တွေနဲ့ သုံးသပ်ချက်တွေဟာ ဘယ်လောက်တောင် "လက်တွေ့မကျဘူး" ဆိုတာကို ဒေါ်နယ်ထရမ့် သိသွားအောင် သက်သေပြသွားမယ်လို့လည်း ဆိုပါတယ်။

အဲဒီအရာရှိက ဆက်ပြောရာမှာတော့ "စစ်ပွဲကို အရှိန်မြှင့်ဖို့ အီရန်ရဲ့ အစီအစဉ်တွေထဲမှာ အံ့ဩစရာတွေ အပြည့်ရှိနေပါတယ်။ အိမ်ဖြူတော်ထဲက နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်ပြီး အမြင်ကွဲပြားနေတာမျိုးနဲ့ မတူဘဲ ဒီက တီဟီရန်မှာတော့ ကျွန်တော်တို့အားလုံး ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ထားကြပြီးသားပါ" လို့ ဆိုသွားပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)