ဇူလိုင် -၂ ( ကြာသပတေးနေ့ )
မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဂါနာနိုင်ငံမှာ မိခင်နဲ့ ကလေးတစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုပြောကြားထားပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ မိုးလေဝသဌာနကလည်း မိုးထပ်ရွာနိုင်သေးတယ်လို့ သတိပေးထားပါသေးတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် မြို့တော် အက်ကရာ နဲ့ အနီးနားက တီမာမြို့တွေမှာ လမ်းတွေ၊ အိမ်တွေနဲ့ အဆောက်အအုံတွေ ရေမြုပ်ခဲ့ရပြီး၊ ဒေသအတော်များများဆီ သွားလာလို့မရအောင် လမ်းတွေ ပြတ်တောက်သွားခဲ့တာကို လူမှုကွန်ရက်ပေါ်က ဗီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။
ဂါနာအမျိုးသား မီးသတ်တပ်ဖွဲ့ (GNFS) ရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်အရ သူတို့အနေနဲ့ လူပေါင်း ၄၇၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး သုံးဦး၊ အမျိုးသား ရှစ်ဦးနဲ့ ကလေးတစ်ဦး ပါဝင်ပါတယ်။ ဒါ့အပြင် ရေကြီးနေတဲ့ကြားထဲကပဲ မြို့တော်မှာရှိတဲ့ ရာဘာစက်ရုံတစ်ရုံမှာလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဂါနာအမျိုးသားမီးသတ်တပ်ဖွဲ့ (GNFS) ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဲလက်စ် ကင်း နာတေး က အေပီ (AP) သတင်းဌာနကို ပြောကြားရာမှာတော့ အဲဒီမိခင်နဲ့ ကလေးဟာ အာချီမိုတာ-အက်ဂ်ဘော့ဂ်ဗလိုရှီ ခရိုင်အတွင်းမှာ ရေစီးနဲ့အတူ မျောပါသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ အချို့သောဒေသတွေကို သွားရောက်ဖို့ ခက်ခဲရုန်းကန်ခဲ့ရတာကြောင့် စစ်တပ်ရဲ့ ကူညီပံ့ပိုးမှုကို တောင်းခံထားရတယ်လို့လည်း ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီး မွန်တာကာ မိုဟာမက်-မူဘာရက် ရဲ့ ပြောကြားချက်အရ အိမ်ထောင်စုပေါင်း ၇,၇၆၁ စု ရေဘေးသင့်ခဲ့ပြီး၊ အနည်းဆုံး လူခုနစ်ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိထားပါတယ်။
မြို့တော် အက်ကရာမှာ ရေကြီးတာဟာ ခဏခဏကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပြီး၊ ရေနုတ်မြောင်းတွေ ပိတ်ဆို့နေတာ၊ မြို့ပြဧရိယာတွေ အလျင်အမြန် တိုးချဲ့လာတာနဲ့ ရေစီးကြောင်းလမ်းကြောင်းတွေပေါ်မှာ အဆောက်အအုံတွေ ဆောက်လုပ်တာတွေကြောင့် မိုးသည်းထန်စွာရွာသွန်းတဲ့အခါ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပိုပြီးပြင်းထန်စေတယ်လို့ အပြစ်တင် ထောက်ပြနေကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့တုန်းက မြို့တော်ရဲ့ ကွာမီ နကရူးမား အဝိုင်း အနီးမှာ လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရတဲ့ ရေကြီးမှုနဲ့ မီးလောင်မှု အစုလိုက်အပြုံလိုက် ဘေးအန္တရာယ်ကြီး ဖြစ်ပွားခဲ့တာ ၁၁ နှစ် ပြည့်ခဲ့တာပါ။ အခုလအစောပိုင်းမှာလည်း မိုးသည်းထန်စွာ ထပ်မံရွာသွန်းခဲ့လို့ မြို့တော်ရဲ့ အချို့နေရာတွေမှာ ရေထပ်ပြီး ကြီးခဲ့ပါသေးတယ်။
REF: RT
#MNP #News

No comments:
Post a Comment