မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း အားကစားသမားများသို့ တိုက်တွန်းချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း အားကစားသမားများသို့ တိုက်တွန်းချက်


ASEAN HYUNDAI CUP 2026 မတိုင်မီ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းဟာ နိုင်ငံတကာပွဲ ၂ပွဲ ကစားခဲ့ပါတယ်။ ဖိလစ်ပိုင်ဖိတ်ခေါ်ဖလားကို သွားရောက်ယှဉ်ပြိုင်ရာမှာ ဂိုးအပြတ်အသတ် အရှုံးပေးခဲ့ရတယ်။ နောက်ထပ် ဗီယက်နမ်နဲ့ ခြေစမ်းပွဲကစားရာမှာလည်း ဂိုးပြတ်ရှုံးခဲ့ရတယ်။ အပြစ်မတင်ပါဘူး။ ဒီကစားသမားတွေရဲ့ မြန်မာပြည်ရဲ့ အကောင်းဆုံးကစားသမားတွေပဲ ဖြစ်ပါတယ်။ ဘောပွဲ ဆိုတာ အနိုင်၊ အရှုံး၊ သရေ ရလဒ်တွေ ရမှာကလည်း သိနေပြီးသားပါ။ အနိုင်ရရင် ရ၊ မနိုင်ရင် ရှုံး၊ မရှုံးရင် သရေပေါ့။

မည်သို့ပင်ဆိုစေ မိမိတို့ အားပေးနေတဲ့ နိုင်ငံဂုဏ်ဆောင် အားကစားသမားဖြစ်တဲ့အတွက် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပရိတ်သတ် မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ရင်ထဲမြိုသိပ်ထားတာလေးတွေကိုတော့ ပြောချင်တယ်။ 

မြန်မာ့လက်ရွေးစင်အသင်းမှာ မောင်မောင်လွင်၊ ဟိန်းဖြိုးဝင်း တို့ရဲ့ ကစားပုံရဲ့ ပွဲချိန်ပြည့် ကြိုးစားအားထုတ်မှုကို အလေးအမြတ်ပြုကြောင်း ဦးစွာ ပြောလိုပါတယ်။

ASEAN HYUNDAI CUP 2026 အုပ်စုပွဲစဉ် အိမ်ယှဉ်အဖြစ်နဲ့ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲမှာ မြန်မာအသင်းအနေနဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ်သာ ပိုင်နိုင်စွာ အဆုံးသတ်နိုင်ခဲ့မယ်ဆိုရင် ရလဒ်ဟာ တမျိုးတဖုံဖြစ်မှာပါ။ နားလည်မှုတွေလွဲတယ်။ အချိတ်အဆက်မမိဘူး။ ရှေ့တန်းမှာ အားထုတ်မှုတွေဟာ တလွဲတချော်ဖြစ်နေတယ်။

ကျေနပ်မိတာကတော့ ပွဲချိန်ပြည့် ဘတစ်ပြန် ကျားတစ်ပြန် ကစားသွားတာကို အကြိုက်ဆုံးပါပဲ။ ရှုံးသည်ဖြစ်၊ နိုင်သည်ဖြစ်စေ ဒေသတွင်း နိုင်ငံတွေမှာ ငါတို့ဟာ ညံ့မနေဘူးဆိုတာကိုတော့ ယှဉ်ပြိုင်မှုနဲ့ သက်သေပြရမှာ ဖြစ်ပါတယ်။

မြန်မာဂိုးသမားလည်း ကောင်းပါတယ်။ သို့သော် တစ်ဂိုးအနိုင်ရပြီးချိန်ဟာ ပထမပိုင်း တစ်ဝက်လောက်သာ ရှိပါသေးတယ်။ ဒီအချိန်ကစပြီး ဂိုးသမားက အချိန်စွဲကစားချင်တဲ့ ပုံစံမျိုး ဖန်တီးခဲ့တယ်။ ဒါက တစ်ဖက်အသင်းအပေါ် လေးစားမှုမရှိသလို ပရိတ်သတ်ကိုလည်း လေးစားမှုမရှိတဲ့ လုပ်ရပ်မျိုး ဖြစ်နေပါတယ်။ 

နောက်တန်းကစားသမားတွေသည်လည်း မာကျောတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ တစ်ဖက်ပြိုင်ဘက်ရဲ့ ဂိုးသွင်းခွင့်တွေကို ဟန့်တားရာမှာ မလုပ်သင့်တဲ့နေရာမှာ မှားယွင်းတဲ့ လုပ်ရပ်မျိုးတွေ အလွန်အကြူးမလုပ်မိအောင် သတိပြုကြဖို့ပါ။ တဖက်ကစားသမားကို အာရုံမပြုဘဲ ဘောလုံးကိုသာ အာရုံပြုပြီး မိမိဂိုးပေါက်ထဲ ဝင်မလာရေး အစွမ်းကုန်ကာကွယ်သွားမယ်ဆိုရင် ပြစ်ဒဏ်ဘောတွေလည်း နည်းမယ်။ ဂိုးပေးရနိုင်ခြေနည်းသွားသည်နှင့်အမျှ အနိုင်ရဖို့ နီးစပ်ပါတယ်။

အလယ်တန်းက ဂိုးဖန်တီးမှုတွေ ကောင်းကောင်း လုပ်ပေးနိုင်ပါတယ်။ မိမိတို့ဘက်က အနိုင်ရလဒ် ပိုင်ဆိုင်ထားပြီးမှ တဖက်က နောက်ကျဂိုးတွေနဲ့ နိုင်သွားသည့်တိုင်အောင်လည်း တိုက်စစ်ကို ဂိုးသွင်းနိုင်အောင် ဖန်တီးပေးပို့မှုတွေ လုပ်ခဲ့ပါတယ်။ ပွင့်ပွင့်လင်း ဝေဖန်ရရင်တော့ တိုက်စစ်မှူး သန်းပိုင် အနေနဲ့က ဒီထက်ပိုမာကျောပြီး ပိုရုန်းနိုင်တဲ့ အခြေအနေမျိုး ဖြစ်သင့်ပါတယ်။ တစ်ဖက် ဂိုးဧရိယာထဲမှာ ပြိုင်ဘက်ရဲ့ နောက်ခံလူတွေရဲ့ ဒေါသကို နှိုးဆွပြီး ပင်နယ်တီရအောင် ဖန်တီးယူနိုင်တဲ့ ကစားသမားမျိုး ဖြစ်သင့်တယ်။ သန်းပိုင် အနေနဲ့က တစ်ဖက် ဂိုးဧရိယာထဲမှာ ပြစ်ဒဏ်ဘော (ပယ်နယ်တီ) ရအောင် မယူနိုင်ဘူး။ ပြစ်ဒဏ်ဘောတွေက ဝေးကွာနေတယ်။ 

မလေးရှားနဲ့ပွဲမှာ ပြစ်ဒဏ်ဘောကနေ မောင်မောင်လွင် ကန်တင်ပေးပို့မှု နှစ်လုံးလောက်က ဂိုးရနိုင်ခြေများပါတယ်။ ရှေ့တန်းကစားသမားတွေသာ ဘောလုံးကို အာရုံထားပြီး ပိုပြီး ပြင်းပြင်းထန်ထန် ရုန်းကန်မယ်ဆိုရင် ဂိုးရဖို့ သေချာပါတယ်။ ဂိုးရနိုင်ခြေနီးစပ်ပါလျက် ကလျော်ကမယ်လုပ်တယ်။ ရုန်းအား၊ တွန်းအား၊ ပြစ်ဒဏ်ဘော ဖန်တီးရယူနိုင်ခြင်း မရှိတာဟာ အနိုင်ဂိုးပြန်ရနိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတယ်လို့ပဲ ဆိုချင်ပါတယ်။

မောင်မောင်လွင် ဟာ လက်ရွေးစင်အသင်းကို ယနေ့အချိန်အထိ အကောင်းဆုံး ပံ့ပိုးပေးနေဆဲပဲ ဖြစ်ပါတယ်။ မောင်မောင်လွင်ရဲ့ တည်ကန်ဘောတွေဟာ ဂိုးရနိုင်ခြေ နီးစပ်ပါတယ်။ မောင်မောင်လွင် အနေနဲ့ အရေးကြုံလာတဲ့အခါမှာ မိမိက ဘက်ခမ်းမဟုတ်သည့်တိုင်အောင် ဘက်ခမ်းလို စွန့်စားပြီး ဖရီးကစ်နဲ့ ဂိုးရယူတာမျိုးတွေလည်း လုပ်သင့်ပါတယ်။ ပြင်းထန်ပြီး ဆယ်ပြားစေ့ထောင့်တွေကို ဝေ့ဝိုက်ပြီး ဝင်သွားတဲ့ ကန်ချက်မျိုးတွေ မောင်မောင်လွင် သွင်းယူနိုင်လိမ့်မယ်လို့ ယုံကြည်နေတယ်။

ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲ ရောက်သွားတဲ့အခါ မြန်မာကစားသမားတွေအနေနဲ့ ဆုံးဖြတ်ချက် မပြတ်သားဘူး။ တခါတလေ ဆုံးဖြတ်ချက် မမှန်ကန်ဘူး။ အသင်းဖော်ကို ပေးမှာလား။ ဂိုးအရ ကန်သွင်းမှာလား ဆုံးဖြတ်ချက်ချရတော့မယ့် အခြေအနေမျိုးမှာပေါ့။ မိမိကန်မယ့် ဘောလုံးရဲ့ အရှေ့မှာ ပြိုင်ဘက်ကစားသမားတွေ ခုခံကာကွယ်ထားတယ်။ ဘယ်လိုမှ လွတ်မနေဘူးဆိုရင် မကန်သင့်ဘူး။ ဒီဘောလုံးတစ်လုံးကို အဟောသိကံ အဆုံးရှုံးမခံသင့်ဘူး။ ကစားဖော်နဲ့ တွဲဖက်ပြီး ကစားဖော်ကို သွင်းယူခိုင်းမယ်။ မိမိသာ ဂိုးရအောင်ယူမယ်ဆိုတဲ့ အတ္တမျိုးလည်း မလွန်ကဲပါနဲ့။ တစ်ဖက်ဧရိယာထဲမှာ ရတဲ့ ဘောလုံးတစ်လုံးတိုင်းဟာ မိမိအသင်းအတွက် ဂိုး (သို့မဟုတ်) အခွင့်အရေးတစ်ခု ရအောင် ဖန်တီးယူရမယ်ဆိုတဲ့ အတွေးနဲ့ ဆုံးဖြတ်ချက်မှန်ကန်ဖို့ လိုအပ်ပါတယ်။

မြန်မာဖြစ်တဲ့အတွက် မြန်မာ့လက်ရွေးစင်အသည်သာ အားထားရာ၊ အားကိုရာပါ။ မြန်မာ့လက်ရွေးစင်အမျိုးသား အားကစားသမားများအနေနဲ့ အောင်မြင်မှုတွေ ရယူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ယုံကြည်မိတယ်။ မျိုးဆက်သစ် အားကစားသမားတွေထံ လက်ဆက်မကမ်းမီ လက်ရှိ လက်ရွေးစင်ကစားသမားများအနေနဲ့ အကောင်းဆုံး ရလဒ်တွေ ဖန်တီးရယူပြီး ဘောလုံးချစ်ပရိတ်သတ်များကို နှစ်သိမ့်ပေးခဲ့ပါအုံးလို့ တောင်းဆိုပါရစေ။


ဦးနောင်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)