ဇူလိုင် - ၂ ( ကြာသပတေးနေ့ )
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ အီရန်သမ္မတ မာဆွဒ် ပီဇက်ရှ်ကီယန် နဲ့ ဖုန်းအဆက်အသွယ်ပြုလုပ်ပြီး ဟော်မုဇ်ရေလက်ကြား ကနေ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ထိန်းသိမ်းထားဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကို ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာဖွေဖို့အတွက် အီရန်နဲ့ အမေရိကန်ကြား ကနဦးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တာကို မိုဒီက ကြိုဆိုခဲ့ပြီး၊ ဒေသတွင်း ရေရှည်ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကုန်သွယ်ရေး ရေကြောင်းသွားလာမှု လုံခြုံရေးတို့အတွက် ဆက်လက်ကြိုးပမ်းသွားကြဖို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ပြဿနာအားလုံးကို ဆွေးနွေးညှိနှိုင်းမှုနဲ့ သံတမန်နည်းလမ်းတွေကတစ်ဆင့်ပဲ ဖြေရှင်းရမယ်ဆိုတဲ့ အိန္ဒိယရဲ့ ခိုင်မာတဲ့ရပ်တည်ချက်ကိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ဟော်မုဇ်ရေလက်ကြားကို ဘယ်သူက ထိန်းချုပ်မလဲဆိုတဲ့ ကိစ္စအပေါ် အငြင်းပွားနေကြဆဲဖြစ်ပြီး၊ အီရန်ဘက်က ရက်ပေါင်း ၆၀ ဆွေးနွေးပွဲအပြီးမှာ အခွန်ကောက်ခံပိုင်ခွင့်ရှိတယ်လို့ ဆိုသော်လည်း အမေရိကန်ဘက်ကတော့ သင်္ဘောသွားလာခွင့်ကို အခွန်မကောက်ခံရဘူးလို့ အခိုင်အမာ ပြောဆိုနေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်နိုင်ငံအပေါ် တိုက်ခိုက်ခဲ့ကြတာကြောင့် တီဟီရန် (အီရန်အစိုးရ) ဘက်က ရေလက်ကြားကို ပိတ်ပစ်ခဲ့ပါတယ်၊ အဲဒါကို ဝါရှင်တန် (အမေရိကန်အစိုးရ) ဘက်ကလည်း အီရန်ဆိပ်ကမ်းတွေကို ရေတပ်နဲ့ ပိတ်ဆို့ပြီး တုံ့ပြန်ခဲ့ပါတယ်။ အဲ့လို နှစ်ဖက်ပိတ်ဆို့မှုတွေကြောင့် ပဋိပက္ခမဖြစ်ခင်တုန်းက ကမ္ဘာ့စွမ်းအင်တင်ပို့မှုရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းသွားလာခဲ့တဲ့ အဲဒီလို အချက်အချာကျတဲ့ ရေကြောင်းလမ်းမှာ သင်္ဘောသွားလာရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ရပြီး၊ ကမ္ဘာ့ရေနံဈေးနှုန်းတွေလည်း တစ်ပီပါကို အမေရိကန်ဒေါ်လာ ၁၂၀ အထိ အပြင်းအထန် ထိုးတက်သွားခဲ့ရပါတယ်။
မိမိတို့နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်အတွက် သွင်းကုန်အပေါ်မှာပဲ အကြီးအကျယ် မှီခိုနေရတဲ့ အိန္ဒိယနိုင်ငံဟာ ပဋိပက္ခတွေ (စစ်ပွဲ) စတင်ဖြစ်ပွားကတည်းက ရေနံဝယ်ယူတဲ့ ရင်းမြစ်တွေကို ပုံစံအမျိုးမျိုးနဲ့ ခွဲထုတ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ နယူးဒေလီ (အိန္ဒိယအစိုးရ) ရဲ့ ရုရှားဆီကနေ ရေနံတင်သွင်းမှုဟာ စံချိန်တင်အမြင့်ဆုံးအထိ ရှိခဲ့ပါတယ်။
အဲဒီလို ဖုန်းပြောဆိုမှုအတွင်းမှာပဲ သမ္မတ ပီဇက်ရှ်ကီယန်က ဝန်ကြီးချုပ် မိုဒီကို အရှေ့အလယ်ပိုင်းဒေသရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကြား ရှေ့ဆက်သွားမယ့် လမ်းစဉ်တွေအကြောင်းကို အကျဉ်းချုပ် ရှင်းလင်းပြောပြခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment