မန္တလေး၊ ဇူလိုင် ၂
သဲဖြူတောရဓမ္မရိပ်သာနှင့်မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနမဟာနာယက ဒေါက်တာဘဒ္ဒန္တပညာဇောတအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် မျက်စိဝေဒနာရှင် ရဟန်းရှင်လူပြည်သူများအား အခမဲ့ မျက်စိစမ်းသပ် ခွဲစိတ်ကုသပေးခြင်း အစီအစဉ်ကို ဇွန် ၂၉ ရက်မှစတင်၍ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး အတွင်းတိမ်မျက်စိဝေဒနာရှင် ရဟန်းရှင်လူပြည်သူများအား မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး(မန္တလေး)တွင် အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိသည်။
မျက်စိ၊ နား၊ နှာခေါင်း၊လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကု ဆေးရုံကြီး(မန္တလေး)ရှိ အစည်းအဝေးခန်းမတွင် စက္ခုဒါနအလှူတော်မင်္ဂလာအခမ်းအနားကို ဇူလိုင် ၁ ရက်နံနက်ပိုင်းက ကျင်းပရာ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာန မဟာနာယက ဒေါက်တာဘဒ္ဒန္တပညာဇောတ ကြွရောက်ချီးမြှင့်တော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းနှင့် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မိုရ်စိုး၊ မျက်စိ၊ နား၊ နှာခေါင်း၊လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး(မန္တလေး) ဆေးရုံအုပ်ကြီး ဒေါက်တာရီလင်းဦးဆောင်သည့် ဆရာဝန်ကြီးများအဖွဲ့၊ အလှူရှင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနဆရာတော်ကြီး ဦးဆောင်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများက မျက်စိ၊ နား၊ နှာခေါင်း၊လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး(မန္တလေး)တွင် ခွဲစိတ်ကုသမှုခံယူခဲ့ကြသည့် အတွင်းတိမ်မျက်စိဝေဒနာရှင် ရဟန်းရှင်လူပြည်သူများကို ကြည့်ရှုအားပေးပြီး လူနာများအား မျက်မှန်များ၊ ဆေးဝါးများ၊ နေ့လယ်စာ ထမင်းဘူးများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီးအားပေးစကားများ ပြောကြားကြသည်။
ယင်းနောက် စက္ခုဒါနအလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားကို အစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပခဲ့ပြီး သဲဖြူတောရ ဓမ္မရိပ်သာနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာတို့၏ ဦးစီးပဓာန ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ အနုမောဒနာရေစက်ချ တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
အဆိုပါအစီအစဉ်တွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မိုရ်စိုး၊ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး(မန္တလေး)ဆေးရုံအုပ်ကြီး ဒေါက်တာရီလင်း ဦးဆောင်သည့် ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးမိုးထက်၊ ပါမောက္ခဒေါက်တာသန်းထွန်းအောင်နှင့် ဆရာဝန်ကြီးများအဖွဲ့တို့က မျက်စိဝေဒနာရှင် ရဟန်းရှင်လူပြည်သူများအား အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ သုံးရက်အတွင်း မျက်စိဝေဒနာ ရှင်ပေါင်း ၁၄၄၃ ဦးကို လက်ခံဆောင်ရွက်ပေးခဲ့ပြီး အတွင်းတိမ် မျက်စိဝေဒနာရှင် ၂၉၄ ဦးကို အခမဲ့ခွဲစိတ်ကုသ ပေးခဲ့ကြောင်း၊ မျက်စိဝေဒနာရှင် ရဟန်းရှင်လူ ပြည်သူများကို အခမဲ့မျက်စိ စမ်းသပ်ခွဲစိတ်ကုသပေးခြင်းအား ဇူလိုင် ၃ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အတွင်းတိမ်မျက်စိဝေဒနာရှင်များကို မျက်စိ၊ နား၊ နှာခေါင်း၊လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီး(မန္တလေး)တွင် အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ)
#MNP #News


No comments:
Post a Comment