ဝါရှင်တန်/တီဟီရန်၊ ဇူလိုင် ၁၂
အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်က ပစ်မှတ်ပေါင်း ၁၄၀ ခန့်ကို တိုက်ခိုက်ခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း အီရန်အား တတိယအကြိမ် တိုက်ခိုက်မှုများ ပြီးမြောက်ခဲ့ကြောင်း ဇူလိုင် ၁၂ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ ပစ်မှတ်များအနက် ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်ရာနေရာများ၊ လက်နက်ခဲယမ်း သိုလှောင်ရာနေရာများ၊ ဆက်သွယ်ရေးကိရိယာများနှင့် အခြားနေရာများ ပါဝင်သည်ဟု ယင်းကွပ်ကဲမှုဌာနချုပ်က X ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ပို့စ်တင်၍ ပြောကြားခဲ့သည်။
"အစောပိုင်းက အရပ်ဘက်သင်္ဘောတွေကို တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိနေပြီး ဒီတစ်ကြိမ်မှာလည်း မအောင်မြင်ခဲ့တဲ့နောက် နားလည်မှုစာချွန်လွှာကို လိုက်နာစောင့်ထိန်းကြောင်း သက်သေပြဖို့ အီရန်ကို နောက်တစ်ကြိမ် အခွင့်အရေးပေးလိုက်ပါပြီ" ဟု အဆိုပါကွပ်ကဲမှုဌာနချုပ်က X တွင် အစောပိုင်းကတင်ခဲ့သည့် ပို့စ်တစ်ခု၌ ပြောကြားခဲ့သည်။
အိုမန်ကမ်းလွန်၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွင်း ကုန်သေတ္တာတင် သင်္ဘောတစ်စင်းမှာ ထိခိုက်ပျက်စီးခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဗြိတိန်ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းအဖွဲ့က ဇူလိုင် ၁၁ ရက် နှောင်းပိုင်းတွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ အီရန်နိုင်ငံ တောင်ပိုင်းရှိ မြို့များတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကာ အီရန်နိုင်ငံကလည်း အရှေ့အလယ်ပိုင်းရှိ အမေရိကန်ပစ်မှတ်များကို တိုက်ခိုက်မှုအများအပြား လုပ်ဆောင်ခဲ့သည်ဟု အီရန်၏ Press TV ရုပ်သံက ထုတ်လွှင့်ခဲ့သည်။ ဘာရိန်းနိုင်ငံတွင် ဒုံးကျည်အန္တရာယ် သတိပေးအချက်ပြသံများ ထွက်ပေါ်ခဲ့ကာ ယူအေအီးနိုင်ငံနှင့် ကာတာနိုင်ငံတို့လည်း တိုက်ခိုက်ခံခဲ့ရသည်ဟု သတင်းများက ဆိုသည်။
ဇူလိုင် ၁၂ ရက် အစောပိုင်းက ကာတာနိုင်ငံတွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီးနောက် ကာတာပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်ခံရမှုအဆင့်ကို နာရီပိုင်းအတွင်း ဒုတိယအကြိမ် တိုးမြှင့်လျက် အများပြည်သူဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ပြည်သူများအား အဆောက်အဦများထဲတွင်သာ နေထိုင်ရန်၊ မှန်ပြတင်းပေါက်များနှင့် ဝေးရာတွင် နေထိုင်ရန်၊ မလိုအပ်ဘဲ သွားလာလှုပ်ရှားမှုများကို ရှောင်ကြဉ်ရန်၊ သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်သည့် လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာရန် အဆိုပါ ဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။
အီရန်၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ဂျော်ဒန်နိုင်ငံ ပရင့်စ် ဟတ်ဆန် လေတပ်စခန်းရှိ အမိန့်ပေးထိန်းချုပ်ရေးဌာနနှင့် ဒရုန်းများထားရှိရာ နေရာများကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ခွင့်ပြုချက်မရှိသော လမ်းကြောင်းအတိုင်း ခုတ်မောင်းလာသည့် သင်္ဘောတစ်စင်း တိုက်ခိုက်ခံရပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း အီရန်နိုင်ငံက အစောပိုင်းတွင် ပြောကြားခဲ့ကာ ထိုဖြစ်စဉ်အပေါ် တစ်စုံတစ်ရာ လက်တုံ့ပြန်မှုရှိလာပါက "ပြင်းပြင်းထန်ထန် တုံ့ပြန်မှု" နှင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း သတိပေးခဲ့သည်။
"အချက်ပြစနစ်တွေကိုပိတ်ပြီး ပင်လယ်ရေကြောင်း လုံခြုံရေးကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်ခဲ့တဲ့ သင်္ဘောတစ်စင်းဟာ တိုက်ခိုက်ခံရပြီးနောက်မှာ ရပ်တန့်သွားပါတယ်" ဟု IRGC ရေတပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နောက်ထပ် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုသရွေ့၊ ယင်းဒေသ၌ အမေရိကန်၏ ကြားဝင်စွက်ဖက်မှုများ အဆုံးမသတ်သေးသရွေ့ ရေလက်ကြားကို ဆက်လက်ပိတ်ထားမည်ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။
Ref - (Xinhua)
#MNP #News

No comments:
Post a Comment