အိန္ဒိယမှာ ဟိုက်ဒရိုဂျင်လောင်စာသုံး ရထားပြေးဆွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယမှာ ဟိုက်ဒရိုဂျင်လောင်စာသုံး ရထားပြေးဆွဲ





ဇူလိုင် - ၁၉ ( တနင်္ဂနွေနေ့ ) 

အိန္ဒိယနိုင်ငံဟာ လောင်စာဆဲလ်နည်းပညာ ကို အသုံးပြုပြီး စမ်းသပ်စီမံကိန်းအဖြစ် ဟိုက်ဒရိုဂျင် ရထားပြေးဆွဲမှု ဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်လို့ ဒီလိုရထားမျိုး ပြေးဆွဲနိုင်တဲ့ ထိပ်သီး ၄ နိုင်ငံစာရင်းထဲမှာ ပါဝင်လာခဲ့ပါပြီ။

ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ ဒီနိုင်ငံဟာ သူတို့ရဲ့ လူဦးရေ ၁.၄ ဘီလီယံရဲ့ ခရီးသွားလာရေး လိုအပ်ချက်တွေ အတွက် သန့်ရှင်းတဲ့နည်းပညာတွေကို ပြောင်းလဲအသုံးပြုနေတာဖြစ်ပြီး၊ အခုစမ်းသပ် စီမံကိန်းဟာလည်း ဟိုက်ဒရိုဂျင်နည်းပညာကို စမ်းသပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ လောလောဆယ် ကမ္ဘာပေါ်မှာ ဂျာမနီ၊ ဂျပန်၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့မှာပဲ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားဝန်ဆောင်မှုတွေ ရှိတာပါ။

ဒီဟိုက်ဒရိုဂျင်ရထားဟာ မြောက်ပိုင်း ဟာယာနာပြည်နယ်က ဂျင်းဒ်  နဲ့ ဆိုနီပတ်  ကြား ၈၉ ကီလိုမီတာ ရှည်လျားတဲ့ လမ်းပိုင်းမှာ ပြေးဆွဲမှာ ဖြစ်ပါတယ်။ ပုံမှန်ပြေးဆွဲမယ့် အမြန်နှုန်းကတော့ တစ်နာရီကို ၇၅ ကီလိုမီတာဖြစ်ပြီး အမြင့်ဆုံး တစ်နာရီ ၁၁၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါတယ်။ ခရီးသည် ၂,၆၀၀ အထိ တင်ဆောင်နိုင်တဲ့ ဒီရထားမှာ ရထားတွဲ ၁၀ တွဲ ပါဝင်ပြီး၊ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး အင်ဂျင်ခေါင်းတွဲ ၂ တွဲနဲ့ ခရီးသည်တင်တွဲ ၈ တွဲ ပါဝင်တာကြောင့် ဟိုက်ဒရိုဂျင်ရထား အမျိုးအစားတွေထဲမှာတော့ အကြီးဆုံးရထားတွဲ ဖြစ်လာပါတယ်။

သောကြာနေ့မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ ရထားဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကလည်း သူ့ရဲ့ အိတ်စ် လူမှုကွန်ရက်စာမျက်နှာ (ယခင် တွစ်တာ) ပို့စ်တစ်ခုမှာ "ဒါဟာ နိုင်ငံအတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိတဲ့ သွားလာရေးစနစ် (အစိမ်းရောင် ရွေ့လျားမှု)ဆီကို လှမ်းလိုက်တဲ့ ခြေလှမ်းကြီး တစ်ရပ်ပဲဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။

ဟိုက်ဒရိုဂျင် လောင်စာဆဲလ်တွေဟာ ရထားမောင်းနှင်ဖို့အတွက် လျှပ်စစ်ဓာတုဖြစ်စဉ်ကို အသုံးပြုပြီး ဟိုက်ဒရိုဂျင်ကနေ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးတာ ဖြစ်ပါတယ်။ ဘေးထွက်ပစ္စည်းအနေနဲ့ ရေငွေ့နဲ့ အပူပဲ ထွက်ရှိတာကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်၊ မှိုင်းညှော်နဲ့ အခြားအိတ်ဇောဓာတ်ငွေ့တွေ ထုတ်လွှတ်တဲ့ ဒီဇယ်အင်ဂျင်တွေနေရာမှာ အသုံးပြုဖို့ စိတ်ဝင်စားစရာ အစားထိုးစနစ်တစ်ခု ဖြစ်လာပါတယ်။

ဒါပေမဲ့ အပေါ်ကေဘယ်ကြိုး ဒါမှမဟုတ် တတိယသံလမ်း ကနေ လျှပ်စစ်ဓာတ်အားတိုက်ရိုက်ယူတဲ့ လျှပ်စစ်ရထားတွေနဲ့ ယှဉ်ရင်တော့ စွမ်းအင်ထိရောက်မှု ပိုနည်းပါတယ်။ အခြားတစ်ဖက်မှာတော့ ဘက်ထရီအိုးကြီးတွေကို အားပြန်သွင်းရတာနဲ့ ယှဉ်ရင် ဟိုက်ဒရိုဂျင် ဖြည့်ရတာက ပိုပြီးမြန်ဆန်ပါတယ်။ အခုစမ်းသပ်စီမံကိန်းမှာ ဟိုက်ဒရိုဂျင် သိုလှောင်ရုံတွေနဲ့ လောင်စာဖြည့်တင်းရေး စီမံဆောင်ရွက်မှုတွေလည်း ပါဝင်ပါတယ်။

ဟိုက်ဒရိုဂျင်ရထားတွေဟာ မီးရထားလမ်းပိုင်းတွေ လျှပ်စစ်မီးမရသေးတဲ့နေရာ ဒါမှမဟုတ် လျှပ်စစ်မီးသွယ်တန်းဖို့ မဖြစ်နိုင်တဲ့နေရာတွေမှာ ရှိနေတဲ့ အိန္ဒိယရဲ့ ကမ္ဘာ့အကြီးဆုံးမီးရထားကွန်ရက်ကြီး (ကီလိုမီတာ ၁၁၅,၀၀ေ ကျော်) ရဲ့ လိုအပ်ချက်တွေကို အလွယ်တကူ ဖြည့်ဆည်းပေးနိုင်ပါတယ်။

အခု အိန္ဒိယနိုင်ငံက လုပ်ဆောင်နေသလိုမျိုး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကို သုံးပြီး ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်မယ်ဆိုရင်တော့ ကာဗွန်လျှော့ချနိုင်မှု အကျိုးကျေးဇူးကို အမြင့်ဆုံး ရရှိမှာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံဟာ ၂၀၁၇ ခုနှစ် မတ်လတုန်းက အယ်လ်စတွမ် ကုမ္ပဏီထုတ် ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ခရီးသည်တင်ရထားကို စတင်စမ်းသပ်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ်မှာတော့ ပုံမှန်ခရီးသည်တင် ပြေးဆွဲမှု ဝန်ဆောင်မှုကို စတင်ပေးခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)