ဇူလိုင် - ၁၉ ( တနင်္ဂနွေနေ့ )
နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီ က လာမယ့် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ဖို့ လာရောက်မယ့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နယူးယောက်ကို လာတဲ့အခါ သူ့ကို ဖမ်းဆီးဖို့ ဥပဒေကြောင်းအရ ဖြစ်နိုင်ခြေ ရှိ၊ မရှိ ရှာဖွေလေ့လာနေတယ်လို့ ပြောကြားလိုက်ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က ဂါဇာဒေသအတွင်း "ငတ်မွတ်ခေါင်းပါးမှုဖြစ်အောင် စစ်ပွဲကို လက်နက်တစ်ခုလို အသုံးချမှု" အပါအဝင် စစ်ရာဇဝတ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲပြီး နေတန်ယာဟုကို ဖမ်းဝရမ်း ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
ဂါဇာဒေသမှာ လုပ်ဆောင်နေတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ထားတဲ့ မမ်ဒါနီက ပြီးခဲ့တဲ့နှစ် မြို့တော်ဝန် မဲဆွယ်စည်းရုံးရေးကာလတုန်းကလည်း နေတန်ယာဟု နယူးယောက်ကို လာရင် ဖမ်းဆီးမယ်လို့ ကတိပြုခဲ့ဖူးပါတယ်။ စနေနေ့က ထုတ်လွှင့်ခဲ့တဲ့ သည်နယူးယောက်တိုင်းမ် နဲ့ အင်တာဗျူးမှာ မြို့တော်ဝန်အနေနဲ့ အဲဒီကတိကို တည်ဖို့ ရည်ရွယ်ချက် ရှိသေးလားလို့ အမေးခံခဲ့ရပါတယ်။
သူက ပြန်လည်ဖြေကြားရာမှာ "ကျနော်ကတော့ ဝန်ကြီးချုပ် နေတန်ယာဟုဟာ သည်ဟိဂ် တရားရုံးမှာ ရှိနေရမယ့်သူလို့ ယုံကြည်ပါတယ်။ သူဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ စွဲချက်တင်ခြင်း ခံထားရတဲ့ စစ်ရာဇဝတ်ကောင်တစ်ယောက်ပါ၊ ပြီးတော့ ဒါဟာ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း သူ့ရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်တွေအပေါ် မူတည်ပြီး လူအများစု လက်ခံထားကြတဲ့ အမြင်တစ်ခုလည်း ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ပုံမှန်အားဖြင့်တော့ ကုလသမဂ္ဂကို တရားဝင်လာရောက်လည်ပတ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အသိအမှတ်ပြု ကိုယ်စားလှယ်တွေကို သံတမန်ကင်းလွတ်ခွင့် ပေးထားလေ့ရှိပါတယ်။ ဒါပေမဲ့ မမ်ဒါနီကတော့ ဥပဒေကြောင်းအရ ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတဲ့ ဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး မြို့တော်ရဲ့ ဥပဒေရေးရာဌာနနဲ့ "တက်တက်ကြွကြွ ဆွေးနွေးတိုင်ပင်နေတယ်" လို့ ပြောခဲ့ပါတယ်။
သူက "နယူးယောက်မြို့မှာ ဥပဒေက ကျနော်တို့ကို ဘယ်လောက်လုပ်ခွင့်ပြုမလဲ၊ အဲဒါကိုပဲ ကျနော်တို့ လုပ်သွားမှာပါ။ ဒါပေမဲ့ အဲဒီအတွက်ကြောင့်နဲ့ ကျနော်တို့ဘာသာ ဥပဒေအသစ်တွေ လျှောက်ဆွဲနေမှာတော့ မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment