မြစ်ကြီးနား၊ ဇူလိုင် ၂၂
မြစ်ကြီးနား-မိုးညှင်း ရထားလမ်းပိုင်းတွင် အမှတ်(၄၉)အဆန် မိုးညှင်း-မြစ်ကြီးနားနှင့် အမှတ်(၅၀)အစုန် မြစ်ကြီးနား-မိုးညှင်း ရထားခရီးစဉ်များကို ယမန်နေ့က စတင်ပြေးဆွဲကြောင်း အဆိုပါရထားခရီးစဉ် တိုးချဲ့ပြေးဆွဲခြင်းဖွင့်ပွဲအခမ်းအနားမှ သိရသည်။
အဆိုပါ ရထားခရီးစဉ် တိုးချဲ့ပြေးဆွဲခြင်းဖွင့်ပွဲကို မြစ်ကြီးနားဘူတာ စင်္ကြံအမှတ်(၁)၌ ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ဒေသခံပြည်သူများတက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြေးဆွဲမည့်ရထားတွဲဆိုင်းကို ဖွင့်လှစ်ပေးသည်။
ထို့နောက် မြစ်ကြီးနားဘူတာမှ မိုးညှင်းဘူတာအထိ လိုက်ပါစီးနင်းကြမည့် ခရီးသွားပြည်သူများအား နှုတ်ဆက်၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က မိုးကောင်း၊ တောင်နီ၊ မင်းကုန်း၊ ဟိုပင်၊ မြို့သစ်ကလေးနှင့် ခရီးဆုံးဘူတာဖြစ်သည့် မိုးညှင်းဘူတာအထိ ရထားစီးပြည်သူများနှင့်အတူလိုက်ပါစီးနင်းကြပြီး ဒေသခံပြည်သူများကို နှုတ်ဆက်အားပေးစကားများ ပြောကြားကြသည်။
ယနေ့ စတင်ပြေးဆွဲသည့် အမှတ်(၄၉)အဆန် မိုးညှင်း-မြစ်ကြီးနား လူစီးရထားသည် မိုးညှင်းဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးညှင်း လူစီးရထားသည် မြစ်ကြီးနားဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မိုးညှင်း ဘူတာသို့ မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ရောက်ရှိသည်။
ခရီးစဉ်လက်မှတ်ခနှုန်းထားမှာ ခရီးစဉ် အစ/အဆုံး အထက်တန်းအတွက် ငွေကျပ် ၂၅၀၀၀ ကျပ်နှင့် ရိုးရိုးတန်းအတွက် ငွေကျပ် ၁၅၀၀၀ ကျသင့်မည်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် ဘူတာစဉ် ရပ်တန့်ပေးမည်ဖြစ်ကာ လက်မှတ်များကို သက်ဆိုင်ရာဘူတာများတွင် အထက်တန်း ၃ ရက်နှင့် ရိုးရိုးတန်းအတွက် ၁ ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်သည်။
မြစ်ကြီးနား-မိုးညှင်း-မြစ်ကြီးနား ခရီးစဉ်ကို ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ သက်သောင့်သက်သာ စီးနင်းလိုက်ပါနိုင်ရေးအတွက် လူစီးရထားခရီးစဉ်ကို ပြေးဆွဲ ပေးခြင်းဖြစ်ပြီး မြန်မာ့မီးရထားအနေဖြင့် လမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ ခေတ်မီအချက်ပြစနစ် တပ်ဆင်အသုံးပြုနိုင်ခြင်း၊ ခေတ်မီစက်ခေါင်းနှင့်တွဲများ အသုံးပြုလာနိုင်ပြီးဖြစ်၍ ရထားအမြန်နှုန်း တိုးမြှင့်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment