ဇူလိုင် - ၂၂ ( ဗုဒ္ဓဟူးနေ့ )
အီတလီနိုင်ငံ မြောက်ပိုင်း ဗိုလော့ညာမြို့မှာ မော်ရိုကိုနွယ်ဖွား အမျိုးသားတစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးချုပ်နှောင်နေစဉ်အတွင်း ၎င်းက အကူအညီတောင်းရင်း သေဆုံးသွားခဲ့ရတာကြောင့် ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား အကြမ်းဖက်ရုန်းရင်းဆန်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူကတော့ အသေးစား ပရိဘောဂရွှေ့ပြောင်းရေးနဲ့ သန့်ရှင်းရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ မော်ရိုကိုနွယ်ဖွား စီးပွားရေးလုပ်ငန်းရှင် အေဒါရာဟင် ဖာကီးရ် ဖြစ်ပါတယ်။ အဲ့ဒိအမျိုးသားတစ်ဦးဟာ သောင်းကျန်းပြီး ကားတစ်စီး ကို ဖျက်ဆီးနေကြောင်း သတင်းပို့ချက်အရ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးစဉ် အဲ့ဒိဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
အိမ်နီးနားချင်းတစ်ယောက် ရိုက်ကူးထားတဲ့ ရုပ်သံဗီဒီယိုမှာတော့ ဖာကီးရ်ဟာ မှောက်လျက်အနေအထားနဲ့ ရဲအရာရှိနှစ်ဦးရဲ့ ချုပ်နှောင်မှုကို ခံနေရစဉ် "ကူညီကြပါဦး၊ ကူညီကြပါဦး၊ တော်ပါတော့" ဆိုပြီး ထပ်ခါတလဲလဲ အော်ဟစ်တောင်းပန်နေတာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အသက်ရှူရခက်ခဲနေဟန်ရှိပြီး ငြိမ်သက်သွားခဲ့တာကို တွေ့ရပါတယ်။
တနင်္လာနေ့ညက လူပေါင်း ထောင်နဲ့ချီ စုဝေးခဲ့ကြပြီး "ဖာကီးရ်အတွက် တရားမျှတမှုနဲ့ အမှန်တရား ရရှိရေး" တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဘက်က မီးရှူးမီးပန်းတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရေအမြှောက်တွေ သုံးပြီး ဖြိုခွင်းခဲ့ပါတယ်။ အဲဒီနောက် လူစုတစ်စုဟာ ညနက်ပိုင်းအထိ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပြီး ရဲအရာရှိ ၆၄ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
"ဒီလိုမျိုး သေဆုံးသွားရတာမျိုးတော့ မဖြစ်သင့်ဘူး" လို့ ဖာကီးရ်ရဲ့ အစ်မဖြစ်သူ ခါဒီဂျာ က ကော်ရေရီ ဒယ်လာဆီရေ သတင်းစာကို ပြောပါတယ်။ "ရဲတပ်ဖွဲ့ဆိုတာ ငါတို့ကို ကာကွယ်ပေးရမှာ။ တစ်စုံတစ်ယောက်က စိတ်လှုပ်ရှား ရုန်းကန်နေတယ်ဆိုရင် ငြိမ်သက်သွားအောင် လုပ်ပေးရမှာ... ခွေးတစ်ကောင်လို ရိုက်သတ်ပစ်ရမှာ မဟုတ်ဘူး" လို့ သူမက ဆိုပါတယ်။
ဗိုလော့ညာမြို့ အစိုးရရှေ့နေတွေကတော့ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ဖွင့်လှစ်လိုက်ပြီး ရဲအရာရှိတွေရဲ့ ခန္ဓာကိုယ်တပ် ကင်မရာ ရုပ်သံမှတ်တမ်းတွေကို တောင်းခံထားပါတယ်။ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ က ဖာကီးရ် သေဆုံးမှုနဲ့ ပတ်သက်လို့ သေချာပေါက် အပြည့်အဝ စုံစမ်းစစ်ဆေးရမယ်လို့ ပြောကြားခဲ့ပေမဲ့ "ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေအပေါ် အကြမ်းဖက်မှုကိုတော့ ဘာနဲ့မှ ဆင်ခြေပေးလို့ မရဘူး" လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် နိုင်ငံရေးအရ အငြင်းပွားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပြီး အတိုက်အခံပါတီတွေက အစိုးရဟာ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် မုန်းတီးရေးဝန်းကျင်တစ်ရပ် ဖန်တီးပေးနေတယ်လို့ စွပ်စွဲထားကြပါတယ်။ ၂၀၀၉ ခုနှစ်က ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းခံရစဉ် အစ်ကိုဖြစ်သူ သေဆုံးခဲ့ဖူးတဲ့ အထက်လွှတ်တော် အမတ် အီလာရီယာ ကူးခီ က ရဲအရာရှိတွေရဲ့ ပြုမူဆောင်ရွက်ပုံကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သလို ဖာကီးရ် သေဆုံးပြီးနောက် ရဲတပ်ဖွဲ့အပေါ် ထောက်ခံကြောင်း အွန်လိုင်းပေါ်မှာ ဖော်ပြချက်တွေရေးနေသူတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment