ပြင်ဦးလွင်ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီပန်းမြို့တော်၊ ကော်ဖီမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ပညာရေးမြို့တော် စသည်ဖြင့် မျှော်မှန်းပြီး နိုင်ငံ့ဂုဏ်ဆောင် မြို့ကြီးတစ်ခုအဖြစ် တည်ဆောက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီပန်းမြို့တော်၊ ကော်ဖီမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ပညာရေးမြို့တော် စသည်ဖြင့် မျှော်မှန်းပြီး နိုင်ငံ့ဂုဏ်ဆောင် မြို့ကြီးတစ်ခုအဖြစ် တည်ဆောက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား








နေပြည်တော်၊ ဇူလိုင် ၁၁

ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက် လည်ပတ်နိုင်စေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်ရေး အတွက်ရည်ရွယ်၍ အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးခဲ့သည့် ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးဆန်းဦး၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လေကြောင်းလိုင်းများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားကျင်းပမည့် အနီးစခန်းလေဆိပ်သို့ ရောက်ရှိရာ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူ ဘင်ခရာ အဖွဲ့နှင့် ပန်းပွားအကအဖွဲ့များက ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ က အနီးစခန်းလေဆိပ် အဆောက်အဦအသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အနီးစခန်းလေဆိပ်ဖွင့်ပွဲ အထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းအား အမွေးနံ့သာရေများ ပက်ဖြန်းပေးသည်။

ဆက်လက်၍ အခမ်းအနားဒုတိယအပိုင်းကို လေဆိပ်အဆောက်အဦအသစ် ပထမထပ်၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ယနေ့သည် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းအတွက် အထင်ကရဖြစ်ပြီး အေးချမ်းသာယာသည့် ပန်းမြို့တော်ပြင်ဦးလွင်၏ သမိုင်းတွင် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ အနီးစခန်းလေဆိပ် ဖွင့်လှစ်ခြင်းသည် နိုင်ငံတော်၏လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတို့အတွက်ပါ အရေးပါသည့် ကြိုးပမ်းဆောင်ရွက်မှု မှတ်တိုင်တစ်ခုလည်းဖြစ်ကြောင်း။

အနီးစခန်းလေဆိပ်သည် လွတ်လပ်ရေးမရမီကာလကတည်းက ဖောက်လုပ်တည်ရှိခဲ့သည့် သမိုင်းအစဉ်အလာကြီးမားသော လေဆိပ်တစ်ခုဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထိန်းသိမ်းထားခဲ့ကြောင်း၊ ၁၉၅၂ ခုနှစ်မှ ၁၉၅၇ ခုနှစ်အတွင်း ဒါကိုတာလေယာဉ်များ၊ တပ်မတော်(လေ)မှ ဖော်ကာအက်ဖ်-၂၇ လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲအသုံးပြုခဲ့ ကြောင်း၊ ယခင်က လေယာဉ်ပြေးလမ်း အလျား ၄,၄၅၀ ပေနှင့် အကျယ် ပေ ၂၀၀ ရှိသည့် ကျောက်ရောမြေကြီးကွင်းတစ်ခုသာ ဖြစ်ခဲ့ကြောင်း။

၂၀၀၄ ခုနှစ်တွင် မူလလေယာဉ်ပြေးလမ်းကို အလျားပေ တစ်သောင်းအထိရရှိရေးအတွက် တစ်ဆက်တည်းရှိနေသည့် မြောက်ဘက်ကို တိုးချဲ့တည်ဆောက်ခဲ့ပြီး ကွန်ကရစ်ခင်း လေယာဉ်ရပ်နားနေရာကိုလည်း အလျား ပေ ၆၀၀ ၊ အနံ ပေ ၃၀၀ တည်ဆောက်ခဲ့ရာ ၂၀၀၆ ခုနှစ်၌ ပြီးစီးခဲ့ပြီးဖြစ်သည့်အတွက် လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဆင်းသက် အသုံးပြုနိုင်ခဲ့ပြီဖြစ်ကြောင်း။

လက်ရှိတွင် ရွေးကောက်တင်မြှောက်ခံရပြီး တာဝန်ယူနေသည့် နိုင်ငံတော် အစိုးရသစ်အနေဖြင့် နိုင်ငံတော်ကြီးကို ဘက်စုံခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို အင်တိုက်အားတိုက် ဖြည့်ဆည်းတည်ဆောက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဖြည့်ဆည်းတည်ဆောက်ရာတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် လေကြောင်းပို့ဆောင်ရေးကဏ္ဍကို ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ် ထားကြောင်း၊ ထို့ကြောင့်လည်း လေဆိပ်များအပါအဝင် အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်းနှင့် အသစ်တည်ဆောက်ခြင်းစီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

လက်ရှိမြန်မာနိုင်ငံတွင် ပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာလေဆိပ် ၃ ခုနှင့် ပြည်တွင်း လေဆိပ် ၂၈ ခု ရှိကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် အနီးစခန်းလေဆိပ်သည် ပြည်တွင်းလေဆိပ်ကွန်ရက်ကို ပိုမိုအား ကောင်းလာစေမည့် လေဆိပ်တစ်ခုအဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်လာနိုင်တော့ မည်ဖြစ်ကြောင်း။

ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃,၅၀၀ ကျော်တွင် တည်ရှိကြောင်း၊ တစ်နှစ်ပတ်လုံး သင့်တင့်မျှတသည့် ရာသီဥတုရှိပြီး ပန်းမန်များ ဖူးပွင့်ဝေဆာကာ သာယာလှပသည့်မြို့ဖြစ်ကြောင်း၊ ထို့အပြင် သဘာဝက ဖန်တီးပေးထားသည့် အပန်းဖြေစခန်းများတည်ရှိပြီး ရှေးဟောင်းဗိသုကာ ပညာလက်ရာများကိုပါ တွေ့မြင်ခံစားနိုင်သောကြောင့် ခေတ်အဆက်ဆက် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များအကြား စိတ်ပါဝင်စားမှုများပြီး အထင်ကရ ကျော်ကြားခဲ့ကြောင်း၊ ပြင်ဦးလွင်ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီပန်းမြို့တော်၊ ကော်ဖီမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ပညာရေးမြို့တော် စသည်ဖြင့် မျှော်မှန်းပြီး နိုင်ငံ့ဂုဏ်ဆောင် မြို့ကြီးတစ်ခုအဖြစ် တည်ဆောက်နေကြောင်း၊ ထို့ကြောင့်လည်း ခရီးသွားဧည့်သည် များ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်စေရေးအတွက် နိုင်ငံတော်အနေဖြင့် အနီးစခန်းလေဆိပ်ကို လေဆိပ်တစ်ခု၏အင်္ဂါရပ်နှင့် ညီညွတ် ပြည့်စုံမှုရှိစေရန် အဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၂၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် တစ်နှစ်လျင် ခရီးသည် ၁၀၀,၀၀၀ ဝင် / ထွက် အသုံးပြုနိုင်သည့် အလျား ပေ ၁၂၀၊ အနံ ပေ ၈၀ ရှိ steel structure နှစ်ထပ်လေဆိပ် အဆောက်အဦသစ်ကို တည်ဆောက်ခဲ့ကြောင်း၊ Boeing 737-800 တို့ကဲ့သို့ လေယာဉ် အမျိုးအစား ၃ စီး တစ်ပြိုင်တည်း ရပ်နားအသုံးပြုနိုင်စေရန် အလျား ပေ ၆၀၀၊ အနံ ပေ ၅၅၀ အထိ တိုးချဲ့ထားသည့် လေယာဉ်ရပ်နားနေရာ၊ အလျား ပေ ၃၀ ၊ အနံ ပေ၂၀ နှင့် အမြင့် ၅၆ ပေရှိ လေကြောင်းထိန်း မျှော်စင်သစ်တို့ကိုလည်း တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် လေယာဉ်ဆင်းသက်မှု အထောက်အကူပြု လမ်းညွှန်စက်များ၊ လေယာဉ်ပြေးလမ်း လျှပ်စစ်မီးစနစ်များနှင့် လေယာဉ်ရောက်ရှိ နေရာပြလေကြောင်း လမ်းညွှန်စက်များကိုပါ တပ်ဆင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့သည့်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့ကို ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း။ 

အထူးသဖြင့် ဒီအနီးစခန်းလေဆိပ်သည် ပြင်ဦးလွင်ဒေသ၏ ခရီးသွားကဏ္ဍ တစ်ခုတည်းအတွက်သာမကပဲ နိုင်ငံတော်၏ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ (ICT Sector)ကိုပါ တိုးတက်မြင့်မားရေးအတွက် ဗဟိုချက်မဖြစ်သည့် “ရတနာပုံ ဆိုက်ဘာစီးတီး” ကို ကမ္ဘာ့အဆင့်မီ Silicon Valley တစ်ခုအဖြစ် ပေါ်ထွန်းလာစေရေး ရည်ရွယ်ဆောင်ရွက်ရာတွင် အဓိကကျသည့် လေကြောင်းဆက်သွယ်ရေး တံခါးပေါက် (Strategic Gateway) ဖြစ်လာမည်လည်း ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပမှ နည်းပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရတနာပုံဆိုက်ဘာစီးတီးကို အချိန်တိုအတွင်း လျင်မြန်ချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ နည်းပညာဖွံ့ဖြိုးမှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးနိုင်မည်ပင် ဖြစ်ကြောင်း။

ထို့အပြင် ပန်းမြို့တော် ပြင်ဦးလွင်ဒေသ၏ အဓိကဂုဏ်ဆောင်ဖြစ်သည့် အဆင့်မြင့်ပန်းမန်များ၊ ကော်ဖီနှင့် စတော်ဘယ်ရီ စသည့် လတ်ဆတ်မှုလိုအပ်သည့် အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များကို လေကြောင်းကုန်စည် ပို့ဆောင်ရေးစနစ် (Air Cargo & Cold Chain Logistics)ကိုအသုံးပြုပြီး ပြည်တွင်း ဈေးကွက်များသာမက ပြည်ပနိုင်ငံများသို့ပါ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်တင်ပို့ ဖြန့်ဖြူးပေး နိုင်တော့မည်ဖြစ်ကြောင်း၊ ယင်းအခြေအနေသည် ဒေသခံတောင်သူများနှင့် လုပ်ငန်းရှင်များအတွက် စီးပွားရေးအခွင့်အလမ်းသစ်များစွာကို ဖန်တီးပေးပြီး ဒေသဖွံ့ဖြိုးရေး နှင့် ခေတ်မီစိုက်ပျိုးစီးပွားရေးကဏ္ဍကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း။

ထို့ကြောင့် အနာဂတ်တွင် အနီးစခန်းလေဆိပ်ကို ပိုမိုကြီးမားသည့် လေယာဉ် ကြီးများဆင်းသက်နိုင်မည့် ခေတ်မီလေဆိပ်တစ်ခုအဖြစ် ဆက်လက်ဖွံ့ဖြိုးတိုးတက် လာစေရေးဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ လေယာဉ်များ အမြန်ဆင်းသက် ထွက်ခွာနိုင်မည့် ဝင်လမ်းထွက်လမ်းများ၊ ကုန်စည်တင် လေယာဉ်ရပ်နားနေရာ၊ ကုန်စည်သိုလှောင်ရုံ စသည့် အခြေခံအဆောက်အအုံများကိုလည်း အဆင့်ဆင့် ဖြည့်ဆည်းတည် ဆောက်ပြီး အဆင့်မြှင့်တင်သွားရန် လျာထားစီစဉ်ထားပြီးဖြစ်ကြောင်း၊ ယခုလေဆိပ် သည် ရှမ်းပြည်နယ်ရှိ လေဆိပ်များအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ လေဆိပ်များနှင့် ကွန်ရက်ချိတ်ဆက်ပျံသန်းသည့် လေကြောင်းခရီးစဉ်များကို အထောက်အကူပြုပြီး ကုန်သွယ်ရေးနှင့် နည်းပညာစီးဆင်းမှုများမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးမည့် လေဆိပ်အဖြစ် ခိုင်ခိုင်မာမာရပ်တည် လိမ့်မည်ဟုလည်း ယုံကြည်ပါကြောင်း။

အနီးစခန်းလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းသည် နိုင်ငံတော်၏အရေးကြီး အခြေခံအဆောက်အအုံများမှ စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်အစိုးရသစ်၏ ပထမရက် ၁၀၀ စီမံကိန်းကာလအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း၊ ယင်းအောင်မြင်မှုအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသည့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ အင်ဂျင်နီယာများ၊ တပ်မတော်အင်ဂျင်နီယာများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအားလုံးကို နိုင်ငံတော်ကိုယ်စား အထူး ကျေးဇူးတင်ရှိပါကြောင်း။

ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ပြီး နိုင်ငံတော်က ဘဏ္ဍာငွေ အမြောက်အမြားအကုန်အကျခံ တည်ဆောက်ပေးခဲ့သည့် အနီးစခန်း လေဆိပ်ကို ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အားလုံးဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန်နှင့် လေဆိပ်ကိုအသုံးပြုပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ပေး ကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လေဆိပ်အဆောက်အဦသစ် ဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် လေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုနှင့် ဖွင့်ပွဲ အထိမ်းအမှတ်ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အနီးစခန်း လေဆိပ်၊ လေဆိပ်အဆောက်အဦဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက် ဆောင်အား နေရာအရောက်ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်ခြင်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဆောင်ရွက်ခဲ့မှုမှတ်တမ်းဓာတ်ပုံများကိုကြည့်ရှုရာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတသည် လေဆိပ်အဆောက်အဦးနှင့် လေယာဉ် ရပ်နားရန်နေရာအသစ် တည်ဆောက်ပြီးစီးမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)