မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီအစည်းအဝေးတွင် တိုင်ကြားလာသည့် မြေယာကိစ္စများဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီအစည်းအဝေးတွင် တိုင်ကြားလာသည့် မြေယာကိစ္စများဆွေးနွေး





မော်လမြိုင်၊ ဇူလိုင် ၂ 

မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြတိုင်ကြားလာသည့် ပေါင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် သံဖြုဇရပ်မြို့နယ်ရှိ မြေယာကိစ္စနှင့် အထွေထွေကိစ္စရပ်များဆွေးနွေးခဲ့ကြသည်ဟု မွန်ပြည်နယ်လွှတ်တော်က သတင်းထုတ်ပြန်သည်။ 

ယနေ့ ဇူလိုင် ၂ ရက်နေ့ မွန်းလွှဲပိုင်းက မွန်ပြည်နယ်လွှတ်‌တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာ နှင့် အထွေထွေ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရသိရှိရသည်။ 

မည်သူမဆို မိမိတို့၏ ဥပဒေအရ ရပိုင်ခွင့်များနှင့် မတရားနစ်နာဆုံးရှုံးမှုများရှိပါက မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာရေးရာကော်မတီသို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်ဟု ကော်မတီအတွင်း ရေးမှူးဦးသန့်ဇော်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပြည်သူများအားအသိပေးထားသည်။ 

မွန်ညီညွှတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် နိုင်စံတင် ဥက္ကဋ္ဌအဖြင့်ဆောင်ရွက်လျှက်ရှိသည့် မွန်ပြည် နယ်လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာရေးရာကော်မတီကို ပြီးခဲ့သည့် ဇွန် ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တတိယ အကြိမ် မွန်ပြည်နယ်လွှတ် တော် ဒုတိယပုံမှန်အ စည်းအဝေး(ဒုတိယနေ့) တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၈ ဦး ပြင်ပပုဂ္ဂိုလ် ၁ ဦး စုစုပေါင်း ၉ ဦးဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ကျိုက်မရောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဇော်အား တာဝန်ပေးအပ်ခဲ့သည်။ 

ပြည်သူ့အသံများကို ပိုမိုထိရောက်စွာ နားထောင်ပေးနိုင်ရန်အတွက် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်လွှတ်တော်ကသတင်းထုတ်ပြန်ထားသည်။ 

တိုင်ကြားစာများလက်ခံခြင်း၊ စိစစ်ခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း၊ တိုင်ကြားစာများအပေါ် သဘောထားမှတ်ချက်ဖြင့် အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေးခြင်းများကို ကော်မတီမှဆောင်ရွက်ပေးသွားမည် ဟု ဆိုသည်။ 

ပြည်သူလူထုတင်ပြသည့် အခက်အခဲများအား တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မ တီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများအား တွေ့ဆုံ ညှိနှိုင်းပေါင်းစပ်ကာ ဖြေရှင်းပေးခဲ့သည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး က ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပြည်သူများကိုအသိပေးသည်။ 

တိုင်ကြားလိုသူများသည် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာရေးရာကော်မတီ၊ မွန်ပြည်နယ်လွှတ်တော်၊‌ မော်လမြိုင်မြို့ ဟု လိပ်မူကာ တိုင်ကြားစာများ ပေးပို့နိုင်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)