ဇူလိုင် - ၁၄ ( အင်္ဂါ )
အိန္ဒိယနိုင်ငံဟာ ကုန်ကျစရိတ်များပြားတဲ့ သွင်းကုန်တွေအပေါ် မှီခိုနေရတာကို လျှော့ချဖို့အတွက် စစ်လက်နက်ထုတ်လုပ်ရေးကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ အိန္ဒိယရဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကလည်း စစ်ဘက်ဆိုင်ရာ ဟာ့ဒ်ဝဲနဲ့ စက်ပစ္စည်းထုတ်လုပ်ရေးအပိုင်းတွေမှာ ပိုပြီးတော့ ပါဝင်ပတ်သက်လာကြတယ်လို့ RT India က ဖော်ပြထားပါတယ်။
၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာ အိန္ဒိယရဲ့ တစ်နှစ်တာ စစ်လက်နက်ထုတ်လုပ်မှုပမာဏဟာ ဒေါ်လာ ၁၈.၆၄ ဘီလီယံအထိ ရှိခဲ့ပြီး ဒါဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်တင်ခဲ့တာပါ။ ဒါဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က ရှိခဲ့တဲ့ ဒေါ်လာ ၁၆.၁၃ ဘီလီယံထက် ၁၅.၆% တိုးတက်လာတာဖြစ်ပြီး ဒေါ်လာ ၈.၈၆ ဘီလီယံပဲ ရှိခဲ့တဲ့ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ၁၁၀% အထိ အဆမတန် မြင့်တက်လာတာ ဖြစ်ပါတယ်။
အရင်ကတော့ အိန္ဒိယရဲ့ စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေကို နိုင်ငံပိုင် (အစိုးရ) ကဏ္ဍကပဲ အဓိက လုပ်ကိုင်ခဲ့တာမို့ အခုလို တိုးတက်လာတဲ့အထဲမှာ ပုဂ္ဂလိကကဏ္ဍရဲ့ ပါဝင်မှုက တကယ်ကို သတိပြုမိစရာ ကောင်းလှပါတယ်။ တရားဝင် ထုတ်ပြန်ချက်တွေအရ ပုဂ္ဂလိကကဏ္ဍဟာ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တုန်းက စုစုပေါင်းထုတ်လုပ်မှုရဲ့ ၂၂% ပဲ ရှိခဲ့ရာကနေ အခု ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာတော့ စုစုပေါင်းထုတ်လုပ်မှုရဲ့ လေးပုံတစ်ပုံနီးပါး (၂၄% အထိ) တိုးမြှင့် ပါဝင်လာခဲ့ပါတယ်။
အိန္ဒိယဟာ ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အထိ ကာလအတွင်းမှာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် စစ်လက်နက်အများဆုံး တင်သွင်းတဲ့နိုင်ငံ ဖြစ်ခဲ့ပြီး ကမ္ဘာ့စစ်လက်နက်တင်သွင်းမှု စုစုပေါင်းရဲ့ ၈.၂% အထိ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရုရှားကတော့ အိန္ဒိယရဲ့ အဓိက လက်နက်ထောက်ပံ့ပေးသူဖြစ်ပြီး အိန္ဒိယက တင်သွင်းတဲ့ လက်နက်စုစုပေါင်းရဲ့ ၄၀% အထိ ရှိပါတယ်။
အခုဆိုရင် နောက်ဆုံးပေါ် ဒရုန်းတွေကအစ နက်နဲတဲ့ နည်းပညာသုံး ထောက်ပံ့ရေးကွင်းဆက်တွေ၊ တိကျတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ အလိုအလျောက်မောင်းနှင်တဲ့ စနစ်တွေအဆုံး၊ အိန္ဒိယစစ်တပ်အတွက် လိုအပ်တဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းမျိုးစုံကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကပဲ စုံစုံလင်လင် ထုတ်လုပ်ပေးနေကြပြီ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံရဲ့ “Make-in-India” (အိန္ဒိယမှာပဲ ထုတ်လုပ်ကြစို့) ဆိုတဲ့ အစီအစဉ်နဲ့အညီ ပြည်တွင်းဖြစ် တီထွင်ဆန်းသစ်မှုတွေဟာလည်း စစ်တပ်ကို ခေတ်မီအောင် အဆင့်မြှင့်တင်တဲ့နေရာမှာ အဓိကမဏ္ဍိုင်တစ်ခု ဖြစ်လာနေပါတယ်။
စရိတ်အမြောက်အမြား အကုန်အကျခံရမယ့် ရေဒါဖျောက် (စတဲလ်) တိုက်လေယာဉ် စီမံကိန်းလိုမျိုး တန်ဖိုးကြီးအစီအစဉ်တွေကိုတောင် ပုဂ္ဂလိကကုမ္ပဏီတွေကို လေလံဆွဲခွင့် ပေးတော့မယ်လို့ သတင်းတွေ ထွက်နေတာကို ကြည့်ရင် အစိုးရရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ အထင်အရှားပဲလို့ အိန္ဒိယကြည်းတပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ်ဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဖိလစ်ကမ်ပို့စ် က RT ကို ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment