ဇူလိုင် - ၈ ( ဗုဒ္ဓဟူးနေ့ )
တရုတ်နိုင်ငံက အမေရိကန်အနေနဲ့ ကျူးဘားနိုင်ငံအပေါ် ဆယ်စုနှစ်ချီ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရေလမ်းပိတ်ဆို့ထားမှုတွေကို အဆုံးသတ်ဖို့ တိုက်တွန်းလိုက်ပြီး ဝါရှင်တန်ရဲ့ “ဖိအားပေး ခြိမ်းခြောက်မှုတွေ” ကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး၊ ဒါဟာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုအရေးကို ဆွေးနွေးဖို့ ဇူလိုင် ၇ ရက်မှာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အထူးအစည်းအဝေး ခေါ်ယူပေးဖို့ ကျူးဘားဘက်က တောင်းဆိုထားတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းချိန်မှာ ဖြေကြားခဲ့တာပါ။
ဒီလို ကျူးဘားဘက်က တောင်းဆိုရတာဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် သူတို့ကျွန်းနိုင်ငံလေး ဟာ “ဆက်ပြီး တောင့်ခံထားလို့မရတော့တဲ့” အခြေအနေမျိုး ကြုံတွေ့နေရသလို၊ ဒါဟာ “လူမျိုးတုံး သတ်ဖြတ်မှု” တစ်ခုနဲ့ အတူတူပဲလို့ ကျူးဘားသမ္မတ မီဂွယ် ဒီယက်ဇ်-ကာနယ် က သတိပေး ပြောကြားခဲ့ပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကျူးဘားနိုင်ငံကို “တစ်နည်းမဟုတ်တစ်နည်းနဲ့ သိမ်းပိုက်ရယူပစ်မယ်” လို့ ထပ်ခါတလဲလဲ ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် ကတော့ - “အမေရိကန်ရဲ့ နှစ်ပေါင်း ၆၀ ကျော်ကြာ အလုံးစုံပိတ်ဆို့ထားမှုနဲ့ တရားမဝင် အရေးယူမှုတွေဟာ ကျူးဘားပြည်သူတွေအပေါ် အလွန်အမင်း ဆင်းရဲဒုက္ခရောက်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပြီး၊ ဝါရှင်တန်အနေနဲ့ “ကျူးဘားအပေါ် ပိတ်ဆို့တာတွေ၊ ခြိမ်းခြောက်တာတွေနဲ့ ဖိအားပေးနေတာတွေကို ချက်ချင်းရပ်တန့်ဖို့” တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် သူမက အမေရိကန်ဟာ မကြာသေးခင်ကမှ ပိတ်ဆို့အရေးယူမှုတွေကို ပိုပြီးတိုးမြှင့်လုပ်ဆောင်ခဲ့တာကြောင့် ကျူးဘားပြည်သူတွေကို နောက်ထပ်တစ်ကြိမ် ထိုးနှက်လိုက်သလိုဖြစ်စေပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း ထွက်ပေါ်လာစေတယ်လို့ ဆိုပါတယ်။ ဘေကျင်း (တရုတ်အစိုးရ) အနေနဲ့ “နိုင်ငံတကာဥပဒေမှာ အခြေခံမရှိတဲ့” တစ်ဦးတည်းအလိုကျ ပိတ်ဆို့အရေးယူမှုမျိုးကို ဆန့်ကျင်တယ်လို့ ထပ်လောင်းပြောကြားခဲ့သလို၊ ကျူးဘားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တရုတ်နိုင်ငံက ထောက်ခံကြောင်းနဲ့ ပြင်ပကနေ ဝင်ရောက်စွက်ဖက်တာတွေကို ဆန့်ကျင်ကြောင်းလည်း ထပ်မံအတည်ပြု ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment