အိန္ဒိယထောင်ထဲက အမေရိကန်လက်နက်မှောင်ခိုသမားက ထောင်စာတွေက စပ်လို့ဆိုပြီး သူ့အတွက် သီးခြားအစားအသောက် တောင်းဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယထောင်ထဲက အမေရိကန်လက်နက်မှောင်ခိုသမားက ထောင်စာတွေက စပ်လို့ဆိုပြီး သူ့အတွက် သီးခြားအစားအသောက် တောင်းဆို


ဇူလိုင် - ၁၃ ( တနင်္လာနေ့ ) 

အိန္ဒိယနိုင်ငံ အကျဉ်းထောင်တစ်ခုမှာ အမှုရင်ဆိုင်ဖို့ စောင့်ဆိုင်းနေတဲ့ အမေရိကန် ကြေးစားစစ်သား တစ်ယောက် ဟာ အခုသူစားနေရတဲ့ အစားအစာတွေက “စပ်ပြီး ဆီများလွန်းတယ်” လို့ ညည်းတွားကာ သူ့အတွက် အထူးအစားအသောက် စာရင်းအရှည်ကြီးကို စီစဉ်ပေးဖို့ ဒေလီတရားရုံးတစ်ခုဆီ တောင်းဆိုလိုက်ပါတယ်။

မက်သရူးအာရွန် ဗန်ဒိုက်ကို ပြီးခဲ့တဲ့ မတ်လတုန်းက ယူကရိန်း ကြေးစားစစ်သား ၆ ယောက်နဲ့အတူ အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ NIA က အိန္ဒိယနဲ့ မြန်မာနိုင်ငံအတွင်း ကြောစားစစ်သားတွေရဲ့ လက်နက်မှောင်ခိုလှုပ်ရှားမှုတွေကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း အဲဒီအဖွဲ့ဟာ ဒေလီမြို့ရှိ တီဟာ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။

ဗန်ဒိုက်ဟာ ဒီအပတ်ထဲမှာပဲ ဒေလီတရားရုံးထံ အသနားခံစာ တင်သွင်းခဲ့ပြီး၊ အကျဉ်းထောင်က ကျွေးတဲ့ “စပ်ပြီး ဆီများတဲ့” အစားအစာတွေကို ပုံမှန်စားသုံးနေရတာကြောင့် သူ့ရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ဘာသာသူ အစားအသောက် ချက်ပြုတ်စားသောက်နိုင်ဖို့ အထူးအစီအစဉ်တွေ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပြီး၊ ထောင်ကပေးတဲ့ အစားအစာတွေကို သူ မစားနိုင်တဲ့အတွက်ကြောင့် သူ့ကိုယ်သူ “ငတ်မွတ်ခံ ဆန္ဒပြမှု ” လုပ်နေရတဲ့ အခြေအနေမျိုး ဖြစ်နေရတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲ့ဒီအမေရိကန်နိုင်ငံသား တောင်းဆိုထားတဲ့ အစားအသောက်စာရင်းထဲမှာ ကြက်သား၊ အမဲသား/ဆိတ်သား ၊ ပင်လယ်စာ၊ ခေါက်ဆွဲခြောက်၊ ပါစတာ၊ ဆန်၊ အာလူး၊ ကြက်သွန်နီ၊ ပဲမျိုးစုံ၊ ဟင်းခတ်အမွှေးအကြိုင်၊ ဟင်းသီးဟင်းရွက်၊ သံလွင်ဆီ၊ အဆီလျှော့နို့ ၊ ပေါင်မုန့်၊ ထောပတ်နဲ့ ရေသန့်ဘူးတို့ ပါဝင်ပါတယ်။ ဒါ့အပြင် သူက ဟင်းချက်ဖို့အတွက် မီးဖိုတစ်ခု၊ အိုးခွက်ပန်းကန်တွေနဲ့ ပလတ်စတစ် ဟင်းသီးဟင်းရွက်လှီးစက်  တစ်ခုတို့ကိုပါ တောင်းဆိုထားပါသေးတယ်။

တီဟာအကျဉ်းထောင်မှာ ရှိနေတဲ့ အမှုရင်ဆိုင်ဆဲ အကျဉ်းသားတွေရဲ့ စားသောက်မှုပုံစံဟာ သတ်မှတ်ထားတဲ့ မီနူး အတိုင်းသာ ဖြစ်ပြီး၊ ကောက်ပဲသီးနှံ၊ ပဲမျိုးစုံနဲ့ ဟင်းသီးဟင်းရွက် ပမာဏတွေကိုလည်း ပုံသေ သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ အပြင်က အစားအသောက်တွေကို တောင်းဆိုခွင့် မရှိသလို၊ မိမိတို့ရဲ့ စိတ်ကြိုက် ပုဂ္ဂလိက အကြိုက်အတိုင်း သီးသန့်ချက်ပြုတ်ပေးဖို့ တောင်းဆိုပိုင်ခွင့်လည်း မရှိပါဘူး။

ဒါပေမဲ့ အကျဉ်းသားတစ်ယောက်ဟာ ကျန်းမာရေးအခြေအနေကြောင့် အထူးအစားအသောက် လိုအပ်တယ်လို့ ထောင်ဆရာဝန်က ထောက်ခံချက်ပေးရင်တော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုလေ့ရှိပါတယ်။ ဒါ့အပြင် တချို့သော ကိစ္စရပ်တွေမှာ တရားရုံးအမိန့်အရ အိမ်ကချက်ပေးတဲ့ အစားအစာတွေကို လက်ခံရရှိဖို့ ခွင့်ပြုတာမျိုးလည်း ရှိပါတယ်။

အဲ့ဒီကြေးစားစစ်သား ၇ ယောက်ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသက ကန့်သတ်ထားတဲ့ နယ်စပ်ဒေသတွေ ကို ခွင့်ပြုချက်မရှိဘဲ သွားရောက်ခဲ့ကြတာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ အဲဒီကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်ကာ အခြေစိုက်လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရေးနဲ့ ဒရုန်းမောင်းနှင်နည်း သင်တန်းတွေ ပေးခဲ့ကြတယ်လို့ စွပ်စွဲခံထားရပါတယ်။ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေဟာ အိန္ဒိယအရှေ့မြောက်ပိုင်းက လက်နက်ကိုင်သူပုန်တွေနဲ့လည်း ဆက်နွှယ်မှု ရှိနေကြတာ ဖြစ်ပါတယ်။

Times of India သတင်းစာရဲ့ ဖော်ပြချက်အရ ဗန်ဒိုက်ဟာ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ စစ်ရေးသင်တန်းတွေ ပေးလေ့ရှိတဲ့ "Sons of Liberty International" ဆိုတဲ့ အဖွဲ့အစည်းကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ အရင်တုန်းကလည်း ပဋိပက္ခဖြစ်ပွားရာ နေရာတွေမှာ ပါဝင်ပတ်သက်ခဲ့ဖူးပြီး၊ ၂၀၁၁ ခုနှစ်တုန်းက လစ်ဗျားသူပုန်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)