ဝါစိုက်ပျိုးထုတ်လုပ်မှုသည် နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိသည့်လုပ်ငန်း ဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဝါစိုက်တောင်သူများနှင့် တာဝန်ရှိသူများ အနေဖြင့် တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း နိုင်ငံတော်သမ္မတ မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါစိုက်ပျိုးထုတ်လုပ်မှုသည် နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိသည့်လုပ်ငန်း ဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဝါစိုက်တောင်သူများနှင့် တာဝန်ရှိသူများ အနေဖြင့် တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း နိုင်ငံတော်သမ္မတ မှာကြား




နေပြည်တော်၊ ဇူလိုင် ၁၂

ပြည်တွင်း ဝါစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ် လုပ်ငန်းများ တိုးမြှင့်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ် စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြော ကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝါစိုက်တောင်သူအစုအဖွဲ့၊ ဝါမျိုးစေ့ထုတ် လုပ်သူအစုအဖွဲ့၊ ဝါစေ့ဆီ ထုတ်လုပ်သူ အစုအဖွဲ့၊ ဝါဂွမ်းထုတ်လုပ်သူအစုအဖွဲ့၊ ချည်ထုတ်လုပ်သူအစုအဖွဲ့၊ ရက္ကန်းလုပ်ငန်းအစုအဖွဲ့၊ ဂျင်ခုံ လုပ်ငန်းဆောင်ရွက်သူ အစုအဖွဲ့တို့မှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ဝါလုပ်ငန်းနှင့် ပတ်သက်၍ “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှု လုပ်ငန်းဆီသို့” ဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်၍ အတွေ့အကြုံများကို ဖလှယ်သွားကြမည်ဖြစ်ကြောင်း၊ ဝါနှင့်ပတ်သက်၍ ဝါစိုက်ပျိုးမှု၊ ဝါမှဝါဂွမ်း၊ ဝါဂွမ်းမှချည်မျှင်ကို ထုတ်လုပ်ကြခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး နှင့်ပတ်သက်၍ ဆွေးနွေးမှုများ ဆောင်ရွက်ချိန်တွင် ဝါစိုက်တောင်သူများ မပါဝင်သဖြင့် ယခုကဲ့သို့ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးသည် ဝါစိုက်ပျိုးမှု များပြား သည့်အတွက် မကွေးမြို့တွင်ကျင်းပပြုလုပ်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပင်ဖြစ်ပြီး ဆန်စပါးကို အဓိကသီးနှံအဖြစ်စိုက်ပျိုးကာ အခြားသီးနှံများကိုလည်း စိုက်ပျိုး ထုတ်လုပ်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ကမ္ဘာပေါ်တွင် လိုအပ်ချက်ဖြစ်နေသည့် စားနပ်ရိက္ခာနှင့် အဝတ်အထည်များကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်သော ရေခံမြေခံကောင်းသည့် နိုင်ငံတစ်ခု ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ရေမြေအနေ အထားအ ထားအရ စိုက်ပျိုးမွေးမြူရေးကို ကိုယ်တိုင်ဆောင်ရွက်သည့်နိုင်ငံများရှိသကဲ့သို့ မဆောင်ရွက်နိုင်သည့်နိုင်ငံများလည်းရှိကြကြောင်း

စက်မှုနည်းပညာပိုင်းဆိုင်ရာများကို အဓိကဆောင်ရွက်ကြသည့် နိုင်ငံများလည်းရှိကြကြောင်း၊ မိမိတို့နိုင်ငံတွင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း ၊ ဝါ စသည့် သီးနှံများနှင့် အခြားသီးနှံများကို စိုက်ပျိုးကြပြီး ယခင်က စိုက်ပျိုးရေးထွက်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းမပြုဘဲ ကုန်ကြမ်း အနေဖြင့်သာ တင်ပို့ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် Agro-based Industreis ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများကို တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ်ထုတ်လုပ်ခြင်းဖြင့် နိုင်ငံအတွက် ဝင်ငွေပိုမိုရရှိမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိလာမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် စက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ပြီး စက်ရုံများလည်ပတ်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုများ၊ ဝန်ဆောင်မှု လုပ်ငန်းများ ကိုလည်း ဆက်စပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ GDP သည်လည်း တိုးတက်လာမည်ဖြစ်ကာ နိုင်ငံ၏ အသားတင်ထုတ်လုပ်မှုတန်ဖိုးမြင့်တက်လာမည် ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ တိုးတက်မှုစံနှုန်းကို GDP ဖြင့် တိုင်းတာကြပြီး လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ရှိကြောင်း၊ ကဏ္ဍကြီး သုံးခုအနေဖြင့်တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်လျက်ရှိပြီး အားလုံးတိုးတက်မှသာလျင် GDP သည်လည်း တိုးတက် လာနိုင်မည် ဖြစ်ကြောင်း။

ထိုအထဲတွင် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း အရေးကြီးသည့် ကဏ္ဍမှ ပါဝင်သည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်များကိုထမ်း ဆောင်ခဲ့ရချိန်တွင် ဝါစိုက်ပျိုး မှုနှင့်ပတ်သက်၍ စိစစ်ကြည့်ရာ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် စိုက်ဧက ၈ သိန်းကျော်ခန့် ရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၄ သိန်းခန့်သာရှိခဲ့ကြောင်း၊ နှစ်အလိုက် ဝါစိုက်ပျိုးမှုများ၊ ဝါစိုက်ဧကများ လျော့နည်း ကျဆင်းလာခဲ့သည် ကိုတွေ့ရှိရကြောင်း၊ လူတို့၏ဘဝတွင် အဝတ်အထည်သည် မွေးစမှ သေဆုံးသည်အထိ နေ့စဉ်အသုံးပြုနေရသည်ဖြစ်သဖြင့် ဝါသည်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေ ကြောင်း၊ ဝါသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ် ပြီး ဝါမှဝါဂွမ်း၊ ဝါဂွမ်းမှ ချည်နှင့်ချည်ထည်များ၊ ဝါစေ့မှ ဆီနှင့် တိရစ္ဆာန်အစာအဖြစ် ပြုလုပ်နိုင်သည့် ဝါစေ့ကြိတ်ဖတ်များကို ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ဝါမှတဆင့် စက်မှုလုပ်ငန်းများကို ဆက်စပ် ဆောင်ရွက်နိုင်သည်ဖြစ်သဖြင့် အမှန်တကယ်အကျိုးရှိ သည့်လုပ်ငန်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ယခင်က ချည်မျှင်ရှည်ဝါထွက်ရှိသည် ဟုဆိုသော်လည်း အဆင့်မီရန် လိုအပ်နေဆဲဖြစ်သဖြင့် ပြည်ပနိုင်ငံများမှ အဆင့်မီဝါမျိုး များကိုတင်သွင်းစိုက်ပျိုးခဲ့ကြရကြောင်း၊ ဝါအရည်အသွေးကောင်းမွန်မှ ချည်အရည်အသွေးကောင်းမွန်မည်ဖြစ်ပြီး အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်သည့် ဝါများရရှိရေးအတွက် စိုက်ပျိုးရေးတွင်အဓိကအချက် လေးချက် ဖြစ်သည့် မျိုး၊ မြေ၊ ရေ နည်း ၄ ရပ်နှင့်ပြည့်စုံရန်လိုကြောင်း၊ အရည်အသွေးကောင်းမွန်သည့် မျိုးများရရှိအောင် ဆောင်ရွက်ရမည်၊ မြေကောင်းမွန်မှုရှိစေရေး စနစ်တကျပြုပြင်ရမည်၊ စိုက်ပျိုးရေနှင့် အောင်ရေများ လုံလောက်စွာရရှိရမည်၊ နည်းစနစ်တကျဖြင့် အမြဲသုတေသနပြု စိုက်ပျိုးရမည်ဖြစ်ကြောင်း။

ဝါစိုက်ပျိုးရေးအတွက်လိုအပ်သည့် စိုက်ပျိုးရေနှင့်အောင်ရေများကို နေရောင်ခြည် စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်သားများ ရှားပါးလာခြင်းကြောင့် မျိုးစေ့ချကိရိယာ Feed Seeder များဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်နည်းစနစ်များကောင်းမွန် လာမည် ဆိုပါက အထွက်နှုန်းများ ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးရာတွင် သတ်မှတ်ထားသည့် ပင်ကြား၊ တန်းကြား မှန်ကန်စွာစိုက်ပျိုးမှသာ အထွက်နှုန်း ကောင်းမည်ဖြစ်ကြောင်း။

အားပေး မိမိတို့နိုင်ငံတော်တာဝန်ယူခဲ့ရပြီး နောက်ပိုင်းတွင် ဝါစိုက်ပျိုးမှုများအား ဆောင်ရွက်ခဲ့ပြီး ဝါစိုက်ပျိုးမှုတွင် တစ်နိုင်ငံလုံးပျမ်းမျှအထွက်နှုန်းအနေဖြင့် ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် စိုက်ဧက ၃ ဒသမ ၉ သိန်းကျော်၌ တစ်ဧကအထွက်နှုန်း ၄၃၆ ပိဿာရှိကြောင်း၊ ၂၀၂၅ - ၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် ဝါစိုက်ပျိုးဧက ၅ ဒသမ ၄ သိန်းကျော်ရှိပြီး တစ်ဧကအထွက်နှုန်း ၄၉၉ ဒသမ ၂ ရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝါထွက်ရှိမှုမှာ ပိဿာချိန်ပေါင်း ၂၇၄၃ သိန်းကျော် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဝါ လိုအပ်ချက်နှင့် နှိုင်းယှဉ်တွက်ချက်ကြည့်မည်ဆိုပါက များစွာပိုလျှံထွက်ရှိသည်ကို တွေ့ ရကြောင်း။ 

လက်ရှိ ကမ္ဘာတွင်ပေါက်ဈေးအရ ဝါဂွမ်းတစ်တန်လျင် အမေရိကန်ဒေါ်လာ ၁၈၀၀ နှင့် ၁၉၀၀ ကြားတွင်ရှိပြီး မိမိတို့နိုင်ငံတွင် သတ်မှတ်ထားသည့် ဝါတစ်ဧက ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပိုလျှံထွက်ရှိသည့် ဝါဂွမ်းများရောင်းချရရှိငွေမှာ အမေရိကန် ဒေါ်လာသန်း ၅၀၀ ခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသည့်သူများအနေဖြင့်လည်း နိုင်ငံတော်အတွက်အကျိုးဖြစ်စေမည့် လက်တွေ့ကျသည့် ဆွေးနွေးမှုများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူချိန် ကာလအတွင်း ဝါစိုက်ပျိုးထုတ်လုပ်မှုကို အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဝါစိုက်တောင်သူများ၊ ဝါထုတ်ကုန်လုပ်ငန်းများဆောင်ရွက်ကြသူများနှင့် နိုင်ငံတော်အတွက် များစွာ အကျိုးရှိစေနိုင်မည် ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးမှုကိုအခြေခံ၍ Agro-based Industries အဖြစ် ဆောင်ရွက်သွားရန်လိုပြီး ယခုကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲကို မိမိတို့နိုင်ငံ၏ ဝါစိုက်ပျိုးထုတ်လုပ်မှု အနာဂတ် အခန်းကဏ္ဍတွင် အမှန်တကယ် အကျိုးရှိသည့် ဆွေးနွေးပွဲအဖြစ် ဆောင်ရွက်သွားကြရန်တိုက်တွန်း မှာကြားလိုကြောင်း။

ယနေ့ ဆွေးနွေးပွဲတွင် ဝါနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်ဆွေးနွေးဆောင်ရွက် သွားကြရန်လိုပြီး ဝါစိုက်ပျိုးမှုနှင့် ဝါထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ ဝါစိုက်ပျိုးမှုသည် နိုင်ငံတော်အတွက် အကျိုးရှိသည့် လုပ်ငန်းဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် တာဝန်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အသေးစား၊ ထုတ်လုပ်မှုနှင့်ပတ်သက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် စက်မှုနှင့် အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဌာနတို့အနေဖြင့် အလေးထားဆောင်ရွက်ရန်နှင့် ဝါစိုက်ပျိုးတောင်သူများနှင့် တာဝန်ရှိသူများ ကလည်း တစ်ဧကပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီ လိုက်လံနှုတ်ဆက်ပြီး ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး မေးမြန်း ဆွေးနွေးပြောကြားသည်။


ဒေသသုတေသနဗဟိုဌာန (မကွေး)

ယင်းနောက် နိုင်ငံတော်သမ္မနှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မကွေး) သို့ရောက်ရှိပြီး ဌာနမှ ထုတ်လုပ်ထားရှိသည့် စပါး၊ မြေပဲ၊ ပဲတီစိမ်း၊ ဝါ၊ နှမ်း၊ နေကြာ မျိုးစေ့များနှင့် နည်းပညာမြင့် Organic မြေဩဇာနှင့် သဘာဝပိုးသတ် ဆေးရည် စမ်းသပ်ထုတ်လုပ်မှု အခြေအနေများကို လည်းကောင်း၊ Nano Technology For Seed Treatment အခန်းအတွင်း အရည်အသွေးပြည့်မီသည့် မျိုးစေ့များထုတ်လုပ်နိုင်ရေးအတွက် Cold Plasma စက်များ၊ UV စက်၊ သီးနှံ အခြောက်ခံစက်များဖြင့် သုတေသနပြု စမ်းသပ်ထုတ်လုပ်နေမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ် ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေး ပြည့်မီသည့် သီးနှံမျိုးစေ့များထုတ်လုပ်နိုင်ရေးကိုသာမက နိုင်ငံတကာသို့ တင်ပို့နိုင်သည့် ဈေးကွက်ဝင် အရောင်အဆင်း၊ အနံ့အရသာနှင့် အရွယ်အစားများ ပြည့်မီသည့် သီးနှံများ ဖြစ်စေရေးတို့ကိုပါ သုတေသနပြုစိုက်ပျိုးထုတ်လုပ်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသော နိုင်ငံတကာဈေးကွက်ဝင် ပေါ်ဆန်းမွှေးစပါးနှင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့် နှမ်းများကိုလည်း တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မျိုးကောင်း မျိုးသန့် မျိုးစေ့များကို ပြည်တွင်း၌သာ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရေး စမ်းသပ် သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဒေသသုတေသနဗဟိုဌာန (မကွေး)ရှိသုတေသန စိုက်ကွက်များအတွင်း သီးနှံများသုတေသနပြု စိုက်ပျိုးထားရှိမှု နှင့် သုတေသနခြံမှ စမ်းသပ်စိုက်ပျိုးထုတ်လုပ်ထားသည့် ပဲတီစိမ်း၊ နှမ်းနှင့် မြေပဲများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)