ပြင်ဦးလွင်၊ ဇူလိုင် ၁၁
ပြင်ဦးလွင်လေဆိပ်ဖွင့်ပွဲကို ယနေ့ ဇူလိုင်လ (၁၁)ရက် နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့ပြီး ပြင်ဦးလွင်ဒေသရဲ့ ခရီးသွားလုပ်ငန်း၊ ဒေသစီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ပေးမယ့် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က သတင်းထုတ်ပြန်ထားသည်။
ဒေါက်တာခိုင်ခိုင်စိုး က "ဒီစီမံကိန်းဟာ အစိုးရရဲ့ ရက်(၁၀၀) စီမံကိန်း အကောင်အထည်ဖော်မှုတွေထဲက အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ပြင်ဦးလွင်ကို ပန်းမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ပညာရေးမြို့တော်၊ IT မြို့တော်အပြင် ကော်ဖီမြို့တော်အဖြစ် ဖော်ဆောင်သွားမယ့် ရည်မှန်းချက်ကိုလည်း ဒီလေဆိပ်က အထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီလေဆိပ်ကြောင့် ပြင်ဦးလွင်နဲ့ ရှမ်းရိုးမဒေသတို့ကို ခရီးသွားလုပ်ငန်းကွန်ရက်အဖြစ် ပိုမိုချိတ်ဆက်နိုင်မှာဖြစ်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာဖို့ အထောက်အကူဖြစ်စေမှာပါ။ ဒါ့အပြင် ပြင်ဦးလွင်ဒေသက ထွက်ရှိတဲ့ သစ်သီးဝလံ၊ ပန်းမန်နဲ့ ဒေသထွက်ကုန်တွေကို ဒေသအသီးသီးဆီ လျင်လျင်မြန်မြန် သယ်ယူပို့ဆောင်နိုင်မှာဖြစ်တဲ့အတွက် ဒေသစီးပွားရေးကိုလည်း ပိုမိုအားကောင်းလာစေမှာ ဖြစ်ပါတယ်" ဟု ဆိုသည်။
အဆင့်မြှင့်တင်တည်ဆောက်ထားတဲ့ ပြင်ဦးလွင်လေဆိပ်ဟာ တစ်ရက်ကို ခရီးသွား (၁,၀၀၀) ခန့် ဝင်ရောက်၊ ထွက်ခွာနိုင်တဲ့ စွမ်းရည်ရှိအောင် ဆောင်ရွက်ထားကြောင်း၊ ခရီးသည်တွေအတွက် နားနေဆောင်နဲ့ ဝန်ဆောင်မှုအဆောက်အအုံတွေကိုလည်း စနစ်တကျ ပြင်ဆင်ထားပြီး လေယာဉ်ပြေးလမ်းကိုလည်း သတ်မှတ်စံချိန်စံညွှန်းတွေနဲ့အညီ အဆင့်မြှင့်တင်တည်ဆောက်ထားကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment