နေပြည်တော်၊ သြဂုတ် ၉
ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့မှုနှင့်စပ်လျဉ်း၍ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အပေါ် အပြုသဘောဆောင်သည့် ဖော်ပြချက်များကို မြန်မာနိုင်ငံက အသိအမှတ်ပြုသော်လည်း အချို့သောစာသားများနှင့် တောင်းဆိုချက်များသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ အပြုသဘောဆောင်သည့် ဆောင်ရွက်မှုအပေါ် ထင်ဟပ်မှုမရှိသဖြင့် စိတ်ပျက်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် မစ္စတာ Arnaud de Baecque တို့ တွေ့ဆုံခဲ့ပါသည်။၊ အဆိုပါတွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏တည်ဆဲဥပဒေ၊ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ စံနှုန်းနှင့် လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရပါသည်။
အဆိုပါထုတ်ပြန်ချက်ပါ အပြုသဘောဆောင်သည့် ဖော်ပြချက်များကို မြန်မာနိုင်ငံက အသိအမှတ်ပြုသော်လည်း အချို့သောစာသားများနှင့် တောင်းဆိုချက်များသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ အပြုသဘောဆောင်သည့် ဆောင်ရွက်မှုအပေါ် ထင်ဟပ်မှုမရှိသဖြင့် စိတ်ပျက်မိပါသည်။ ထုတ်ပြန်ချက်ပါ “မြန်မာနိုင်ငံရှိ ထိန်းသိမ်းခံထားရသူများအား တွေ့ဆုံခွင့် ပိုမိုပေးအပ်ရန်” နှင့် “ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ အပြည့်အဝလွှတ်ပေးရန်” ဟူသည့် တောင်းဆိုချက်များသည် နိုင်ငံတစ်နိုင်ငံ၏ သက်ဆိုင်ရာ တရားစီရင်ရေးလုပ်ငန်းစဉ်နှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများအပေါ် သက်ရောက်မှုရှိစေပါသည်။ ၎င်းသည် ရွေးကောက်ပွဲမဲမသမာမှု၊ အဂတိလိုက်စားမှုနှင့် မှားယွင်းသောစီမံခန့်ခွဲမှုများ ကျူးလွန်ကြောင်း တရားဥပဒေအရ ပြစ်မှုထင်ရှားသည့်အတွက် ပြစ်မှုဆိုင်ရာဥပဒေအရ စိစစ်အရေးယူထားခြင်းဖြစ်ပါသည်။ အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်အရ ၎င်းအား ပြစ်ဒဏ်များ လျှော့ပေါ့ပေးလျက်ရှိသော်လည်း ၎င်းအား ခြွင်းချက်မရှိ အပြည့်အဝ လွှတ်ပေးရေးကိစ္စမှာ တရားဥပဒေနှင့်အညီသာ ဖြစ်နိုင်ပါသည်။
ပြီးခဲ့သည့် (၅) နှစ်တာကာလအတွင်း မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌများ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဆက်ဆက်နှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ လက်ရှိအာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသည့် အစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိသဖြင့် နောင်တွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနှင့် ၎င်း၏အခန်းကဏ္ဍမှာ ဆက်လက်လိုအပ်ခြင်း ရှိမည်မဟုတ် ဟု မှတ်ယူပါသည်။
အာဆီယံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် စည်းမျဉ်းအခြေပြု ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှုနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုရေးဟူသည့် ‘မူ’ များကို အစဉ်အမြဲလေးစားလိုက်နာရန် လိုအပ်ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့ကိုယ်တိုင် ချမှတ်ထားသည့် အခြေခံမူများကို လိုက်နာဆောင်ရွက်ရန်နှင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ဖိအားပေးခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်း သဘောသက်ရောက်သည့် ဆောင်ရွက်ချက်များကို ရှောင်ရှားရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများအပေါ် လိုအပ်သည့် တုံ့ပြန်မှုများဖြင့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် တုံ့ပြန်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ ပကတိအခြေအနေများအပေါ် အခြေခံပြီး အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်၍ မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့်ဆက်ဆံရေး တိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တုန့်ပြန်ထားသည်။
#News #Myanmar

No comments:
Post a Comment