ဩဂုတ် - ၉ ( တနင်္ဂနွေနေ့ )
စနေနေ့က အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခုက ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းကို ဝင်တိုက်သွားလို့ အဆောက်အအုံ ၅ သောင်းကျော် မီးပြတ်သွားပြီး လူ ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီမုန်တိုင်းက အခုတော့ တရုတ်နိုင်ငံဘက်ကို ဆက်သွားနေပါတယ်။
ဒေသခံတာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ အိုကီနာဝါမှာ သက်ကြီးပိုင်း ၅ ယောက် စိုးရိမ်စရာမရှိတဲ့ ဒဏ်ရာတွေ ရခဲ့ကြပြီး ခါဂိုရှီးမားခရိုင်မှာလည်း နောက်ထပ်တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မီးပြတ်တာကတော့ ခါဂိုရှီးမားမှာ အဆောက်အအုံပေါင်း ၃၉,၀၀၀ နီးပါးနဲ့ အိုကီနာဝါမှာ ၁၂,၀၀၀ ကျော် ပါဝင်ပါတယ်။
"ဒေါ်လ်ဖင်း" လို့ အမည်ပေးထားတဲ့ အဲဒီတိုင်ဖွန်းမုန်တိုင်းဟာ ပုံမှန်လေတိုက်နှုန်း တနာရီကို ၁၆၂ ကီလိုမီတာ (၁၀၁ မိုင်) အထိ ရှိခဲ့ပြီး၊ လေပြင်းတိုက်ခတ်ချိန်မှာတော့ တနာရီကို ၂၁၆ ကီလိုမီတာ (၁၃၄ မိုင်) အထိ ပြင်းထန်ခဲ့တာပါ။ မုန်တိုင်းကြောင့် ခရီးသွားလာရေးမှာလည်း အခက်အခဲတွေ ဖြစ်ခဲ့ပြီး ဂျပန်လေကြောင်းလိုင်းကြီးတွေက အိုကီနာဝါ အသွားအပြန် လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ကြပါတယ်။
သောကြာနေ့တုန်းကလည်း မုန်တိုင်းနီးကပ်လာတာနဲ့အမျှ လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာနဲ့ လှိုင်းကြီးနိုင်တာတွေကို သတိပေးရင်း ခါဂိုရှီးမားနဲ့ အိုကီနာဝါက ဒေသခံ ၂ သိန်း ၆ သောင်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ဒေသခံအာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။
"ဒေါ်လ်ဖင်း" မုန်တိုင်းဟာ တရုတ်နိုင်ငံဘက်ကို ဆက်လက်ရွေ့လျားရင်း အရှိန်နည်းနည်း လျော့သွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ တရုတ်နိုင်ငံမှာတော့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး အရေးပေါ်အဆင့်ကို အဆင့် (၃) အထိ တိုးမြှင့်သတ်မှတ်ထားပြီး အနိမ့်ဆုံးပြင်ဆင်မှုအဆင့်ထက် ပိုမိုမြင့်မားတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေသလို၊ ဒီမုန်တိုင်းကိုလည်း "လိမ္မော်ရောင်အဆင့်" တိုင်ဖွန်းမုန်တိုင်းအဖြစ် သတ်မှတ်ထားပါတယ်။
မုန်တိုင်းဟာ တနင်္ဂနွေနေ့ညပိုင်းနဲ့ တနင်္လာနေ့မနက်စောစောပိုင်းကြားမှာ ဇီကျန်းပြည်နယ်က ကျိုးဆန်း နဲ့ ဖူကျန့်ပြည်နယ် က ဖူတိုင့် မြို့တွေကြား မြေပြင်ကို စတင်ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် တရုတ်အာဏာပိုင်တွေက မုန်တိုင်းဒဏ်ခံရနိုင်တဲ့ ကမ်းရိုးတန်းဒေသတွေမှာ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ကူးတို့သင်္ဘောပြေးဆွဲမှုတွေကို ရပ်ဆိုင်းထားသလို၊ ကျောင်းအချို့နဲ့ ခရီးသွားလည်ပတ်စရာနေရာတွေကိုလည်း ပိတ်ထားပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း အချို့ဒေသတွေမှာ မိုးရေချိန် မီလီမီတာ ၄၀၀ အထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်လည်း မြင့်တက်နေပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment