မန္တလေး၊ ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ကျေးရွာပေါင်း ၁၄ ရွာ၌ ဒုဋ္ဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် အဆိုပါကျေးရွာများမှ အိမ်ထောင်စုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ရေလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဒုဋ္ဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် အမရပူရမြို့နယ်အတွင်းရှိ တောင်ကိုင်းကျေးရွာအုပ်စု၊ ကင်းဘက်ကျေးရွာအုပ်စု၊ တလင်းကြီးကျေးရွာအုပ်စု၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ဆေးအိုးဘိုကျေးရွာအုပ်စု၊ ဥယျာဉ်တော်ကျေးရွာအုပ်စု၊ ဘုန်းတော်နိုင်ငံကျေးရွာအုပ်စု၊ ဖရဲကျွန်းကျေးရွာအုပ်စု၊ ရွှေကြက်ယက်ကျေးရွာအုပ်စုတို့မှ ကျေးရွာပေါင်း ၁၄ ရွာအတွင်း မြစ်ရေဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၅၆၂ အိမ်၊ အိမ်ထောင်စု ၅၇၄ စု၊ လူဦးရေ ၁၉၈၇ ဦး ရေဘေးသင့်ခဲ့ကာ စိုက်ပျိုးမြေ ဧရိယာစုစုပေါင်း ၄၄ ဧက ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။
ယမန်နေ့က မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ရေဘေးသင့်ပြည်သူများအား တောင်ကိုင်းကျေးရွာအုပ်စု မြအင်းကျေးရွာရှိ မြရိပ်စိုဓမ္မာရုံ၌ သွားရောက်တွေ့ဆုံအားပေးပြီး ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ကြသည်။
ထို့ပြင် မြစ်ရေဝင်ရောက်ခဲ့သည့် ကျေးရွာအုပ်စုများအတွင်း ပြန်လည်ကျဆင်းနေမှုအခြေအနေ၊ ရန်ကုန် - မန္တလေးကားလမ်းရှိ မြစ်ငယ်တံတားကြံ့ခိုင်မှုအခြေအနေကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment