ဩဂုတ် - ၈ ( သောကြာနေ့ )
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ ဟာ အိန္ဒိယနိုင်ငံကနေတစ်ဆင့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပြီး၊ ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံအကြား သဟဇာတကျတဲ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေတယ် လို့ ပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အိတ်စ်ဆိုရှယ်မီဒီယာအကောင့်မှာ"အိန္ဒိယမြေပေါ်ကနေ ရှိတ်ဟာစီနာ အခုလို သတင်းမီဒီယာနဲ့ တွေ့ဆုံပြောဆိုတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို စော်ကားရာရောက်သလို၊ ဇူလိုင်တော်လှန်ရေးမှာ ကျဆုံးခဲ့သူတွေကိုလည်း ပြင်းထန်စွာ စော်ကားတဲ့လုပ်ရပ် ဖြစ်တယ်"လို့ ရေးသားထုတ်ပြန်ခဲ့ပါတယ်။
အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ရှိတ်ဟာစီနာ ကတော့ လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ သေဒဏ်အထိ ချမှတ်ခံရနိုင်တဲ့ အမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့်၊ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ မိန့်ခွန်းမှာတော့ အလျှော့မပေးတဲ့ သဘောထားနဲ့ "ကျမကို ကိုယ့်နိုင်ငံကနေ အတင်းအကျပ် ထွက်ခွာစေခဲ့ပေမယ့်၊ ကျမရဲ့ ပြည်သူတွေနဲ့တော့ ဘယ်တုန်းကမှ ကွဲကွာသွားတာ မဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။
ရှိတ်ဟာစီနာဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ အကြမ်းဖက်ဆန္ဒပြမှုတွေ ဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံကို ထွက်ခွာတိမ်းရှောင်ခဲ့ပါတယ်။ သူကတော့ အဲဒီဆန္ဒပြပွဲတွေဟာ ပြည်ပအင်အားစုတွေ စီစဉ်ကြိုးကိုင်ခဲ့တာ ဖြစ်တယ်လို့ အကြိမ်ကြိမ် စွပ်စွဲထားပြီး၊ ဆန္ဒပြသူတွေထဲမှာ "ပြည်ပက ငှားရမ်းထားတဲ့ ကြေးစားသမားတွေ " ပါဝင်ခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။ ဒါ့အပြင် ဒီနှစ် ဒီဇင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာမယ် လို့လည်း ကတိပြုထားပါတယ်။
ရှိတ်ဟာစီနာရဲ့ မိန့်ခွန်းပြောကြားပြီး မကြာခင်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် အာဝါမီအဖွဲ့ချုပ် ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်သလို ဘင်္ဂလားဒေ့ရှ် အမျိုးသားခရစ်ကတ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ရှာကစ် အယ်လ် ဟာဆန် ရဲ့ နေအိမ်ကိုလည်း ဓာတ်ဆီဗုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တယ် လို့ အာဝါမီအဖွဲ့ချုပ် ပါတီက အိတ်စ်မှာ မှာ ထုတ်ပြန်ခဲ့ပါတယ်။
အာဝါမီအဖွဲ့ချုပ်ပါတီကတော့ ရှိတ်ဟာစီနာရဲ့ သတင်းစာရှင်းလင်းပွဲကို မီဒီယာတွေ မဖော်ပြဖို့ ဖိအားပေးခံ ခဲ့ရတယ် လို့ စွပ်စွဲထားပါတယ်။ တကယ်လည်း ဘင်္ဂလားဒေ့ရှ်က အဓိက သတင်းမီဒီယာကြီးတွေထဲက ဘယ်တစ်ခုမှ သူ့ရဲ့ မိန့်ခွန်းကို တိုက်ရိုက်ထုတ်လွှင့်ခြင်း မပြုခဲ့ပါဘူး။ အာဝါမီအဖွဲ့ချုပ်ပါတီရဲ့ ကျောင်းသားအဖွဲ့ ဥက္ကဋ္ဌ ဆက်ဒမ် ဟူစိန် ကတော့ RT သတင်းဌာနကို ပြောကြားရာမှာ၊ ရှိတ်ဟာစီနာဟာ ဒီမိုကရေစီအတွက် တိုက်ပွဲကို ဆက်လက်ဆင်နွှဲသွားမယ်ဆိုတဲ့ သတင်းစကားကို လက်ရှိအစိုးရထံ ပေးပို့နေတာ ဖြစ်တယ်လို့ ပြောပါတယ်။ သူက ဆက်ပြီး"သူက ဒါကာအစိုးရအတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့် အခွင့်အရေးတစ်ခု ပေးနေတာပါ"လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ် ဥပဒေရေးရာဝန်ကြီး အမ် အာဆာဒူဇာမန် ကတော့ ရှိတ်ဟာစီနာ နိုင်ငံကို ပြန်လာတာနဲ့ ချက်ချင်း ဖမ်းဆီးသွားမယ် လို့ ပြောကြားထားပါတယ်။
REF: RT
#သတင်းလွှာ


No comments:
Post a Comment