နေပြည်တော်၊ ဩဂုတ် ၂၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးနှင့် စစ်သံရုံး မိသားစုများအား ယမန်နေ့က ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိရာ သံရုံး၊ စစ်သံရုံး မိသားစုများက ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် သံရုံး၊ စစ်သံရုံး မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စု ဝန်ကြီးများ၊ မြန်မာ အာကာသ အေဂျင်စီအမှုဆောင်အရာရှိချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် မိုးကျော် နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံး မိသားဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင် ခရီးစဉ်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် လွတ်လပ် ရေးရရှိပြီးချိန်မှစတင်၍သံတမန်ဆက်ဆံရေးကို စတင်ခဲ့ပြီး စဉ်ဆက်မပြတ်ကောင်းမွန် သည့် ဆက်ဆံရေးရှိခဲ့ကြောင်း၊ ခေတ်အဆက်ဆက်တွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံအပေါ် အကူအညီများပေးခဲ့ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအရတည်ငြိမ်မှု မရှိခြင်းသည် မိမိတို့နိုင်ငံ၏အားနည်းချက်ပင်ဖြစ်ကြောင်း၊ ကိုလိုနီလက်အောက်သို့ ၂ကြိမ် ရောက်ခဲ့ရခြင်း၏ အကျိုးဆက်များပင်ဖြစ်ကြောင်း၊ ထိုသို့နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နှစ်ပေါင်းများစွာတိုးတက်မှုမရှိခဲ့သည်မှာ သင်ခန်းစာယူဖွယ်ပင်ဖြစ်ကြောင်း။
မိမိအနေဖြင့် တပ်မတော်တွင်တာဝန်ယူစဉ်ကပင် နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့်စိတ်ဖြင့် တာဝန်များကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင်လည်း နိုင်ငံကောင်းမွန်တိုးတက်အောင် စိတ်ရင်းစေတနာအမှန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများတောင်းဆိုလျက်ရှိသည့် ဒီမိုကရေစီအခွင့်အရေးများနှင့် ဖက်ဒရယ်အခွင့် အရေးများရရှိအောင် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်းတည်ငြိမ်အေးချမ်းရေး ရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံအတွင်း ပညာတတ်လူသားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံ၏ပညာရည်အဆင့်အတန်းမြင့်မားစေရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း နှစ်စဉ်ပညာတော်သင်များ စေလွှတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာဆက်ဆံရေများကောင်းမွန်စေရေး၊ လုပ်ငန်း ခွင်များတွင် ဆက်ဆံရေးများကောင်းမွန်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အတတ်ပညာများကိုသင်ကြားလျက်ရှိသကဲ့သို့ ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို အမြဲမပြတ်ဖတ်ရှု လေ့လာနေရန်လိုကြောင်း။
မိမိတို့အနေဖြင့် ပြည်သူများကလိုလားသည့် ပါတီစုံဒီမိုရေစီလမ်းကြောင်းပေါ် တွင် ခိုင်ခိုင်မာမာဖြင့်ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားများ၏ အရည်အသွေးမြင့်မားစေရေး စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ နောင်လာနောက်သားများအတွက် ကောင်းမွန်သည့်အမွေများ ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံ့အရေးအတွက်ဆောင်ရွက်ရာတွင် ကောင်းမွန်သည့် စိတ်များဖြင့်ဆောင် ရွက်လိုသည့် စိတ်များမွေးမြူကြရန်လိုကြောင်း၊ ယခုရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် သံတမန်များအဖြစ်လာရောက် တာဝန်ထမ်းဆောင်နေကြသူများနှင့် ပညာသင်ကြား လျက်ရှိသည့် သင်တန်းသားအရာရှိများသည် သက်ဆိုင်ရာဌာနများ အလိုက် ခေါင်းဆောင်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ထမ်းဆောင်ရာဌာန အလိုက် နိုင်ငံကောင်းအောင်ဆောင်ရွက်လိုသည့်စိတ်ဖြင့် လေ့လာကြိုးပမ်း ဆောင်ရွက်ပြီး ထမ်းဆောင်ရသည့် လုပ်ငန်းများအောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း။
ကောင်းမွန်သည့်နိုင်ငံရေးလမ်းကြောင်းကို ဆောင်ရွက်နေချိန်တွင် နိုင်ငံတော် အတွက် ခိုင်ခိုင်မာမာဖြင့်တာဝန်ထမ်းဆောင်လိုသည့်စိတ်၊ မိမိတို့နိုင်ငံကိုထိလျင် မြန်မာဆိုသည့်စိတ်ဖြင့် ကာကွယ်လိုစိတ်၊ နိုင်ငံအတွက်ကောင်းမွန်စေလိုသည့် စေတနာစိတ်များဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင် ကြစေလို ကြောင်း။
သင်တန်းသားများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ဖြစ်စဉ်ဖြစ်ရပ်မှန်နှင့် သမိုင်းမှန် များကို သိရှိအောင်ဆောင်ရွက်ကြပြီး မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းများနှင့် အခြေအနေ မှန်များကိုမသိရှိသည့် နိုင်ငံတကာမှ ကျောင်းသားများအား သိရှိအောင်ဆောင်ရွက်ကြ ရန် လိုကြောင်း၊ ပြည်ပနိုင်ငံသို့ရောက်ရှိနေချိန်တွင် မိမိတို့နိုင်ငံ၏အလံတော်နှင့် နိုင်ငံတော်သီချင်းကို မမေ့ရန်လိုကြောင်း၊ မြန်မာဆိုသည့်စိတ်ဖြင့် နေထိုင်ကြရန် လိုကြောင်း။
ယခုအခါ မိမိတို့နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ကဏ္ဍပေါင်းစုံတွင်ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်ကောင်းမွန်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုအခန်းကဏ္ဍများတွင်သာမက ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍများ အပါ အဝင်အခြားနှစ်နိုင်ငံအကြား ကူလူးဆက်ဆံနိုင်သည့် ကဏ္ဍပေါင်းစုံတွင်လည်း ပူးပေါင်း ဆောင်ရွက်မှုများကိုမြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ချိန် တွင် မိမိတို့တတ်ကျွမ်းထားသည့် အတတ်ပညာများကို အသုံးချခြင်းအားဖြင့် နှစ်နိုင်ငံ အကြား ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးကို များစွာအထောက် အကူပြုစေမည် ဖြစ်ကြောင်း၊ ပညာတော်သင်များ ပြည်ပသို့စေလွှတ်ခြင်းသည် နိုင်ငံတော်အနေဖြင့် ငွေကြေးနှင့်လုပ်အားများ ရင်းနှီးစိုက်ထုတ်ပေးထားရခြင်းဖြစ်သဖြင့် ပညာတော်သင် တစ်ဦးချင်း၏ကြိုးစားအားထုတ်မှုများသည့် နိုင်ငံ့အကျိုးအတွက် အထောက်ကူပြုနိုင် ရန်လိုကြောင်း။
ပြည်ပနိုင်ငံသို့ရောက်ရှိနေချိန်အတွင်း မိမိတို့ဘဝအတွက် အကျိုးပြုစေနိုင်မည့် ဘာသာစကားနှင့် စာပေများကို ကြိုးစားသင်ယူကြရန်လိုသကဲ့သို့ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ကွန်ပျူတာနည်းပညာများကိုလည်း မျက်ခြည်မပြတ် လေ့လာနေရန်လိုကြောင်း၊ ဗဟုသုတရရှိစေမည့်စာအုပ်များကိုလည်း ဖတ်၊ မှတ်၊ လေ့လာပြီး ပြန်လည်အသုံးချရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ တစ်ဦးချင်း၏ လုပ်ငန်းတာဝန်ထမ်းဆောင်မှုများနှင့် ပတ်ဝန်းကျင်တွင် ပေါင်းသင်း ဆက်ဆံမှုများကို များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်း၊ အားလုံးစည်းစည်း လုံးလုံးညီညီညွတ်ညွတ်ဖြင့်နေထိုင်ကြစေလိုကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက သံရုံး၊ စစ်သံရုံး မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ သံအမတ်ကြီးနှင့် မြန်မာ စစ်သံ(ကြည်း၊ ရေ၊လေ)တို့က လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ သည် ရုရှားဖက်ဒရှေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး သံရုံး၊ စစ်သံရုံး မိသားစုများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။
#News #Myanmar



No comments:
Post a Comment