၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နဲမနိတ်ကျေးရွာနေ ဒေါ်လှလှဝင်း(၇၁)နှစ် ကျောင်းဆရာမ(ငြိမ်း)သည် နေအိမ်နောက်ဖက်ရှိ ရေချိုးခန်းဝင်ပေါက်ဘေးတွင် မှောက်လျက်လဲကျနေပြီး ပါးစပ်၌ အဝတ်များဆို့လျက် လည်ပင်းတွင် နိုင်လွန်ကြိုးများရစ်ပတ်ကာ ဒဏ်ရာများဖြင့် သေဆုံးနေပြီး လက်ကိုင်ဖုန်း တစ်လုံး၊ ရွှေထည် ပစ္စည်းနှင့်ငွေများ ပျောက်ဆုံးလျက်ရှိကြောင်း သတင်းအရ နိဗ္ဗာန်နယ်မြေရဲစခန်း (ပ)၂၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၄ ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားခံအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ နယ်မြေသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် တရားခံ ဟင်္သာတမြို့နယ်၊ နဲမနိတ်ကျေးရွာနေ သီဟကျော်(၃၃)နှစ်အား ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ အိမ်အမှတ်(၂၀၈)၊ (၅)လွှာ တိုက်ခန်း၌လည်းကောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ နဲမနိတ်ကျေးရွာနေ တင်မျိုးအောင်(ခ)နေလ(၄၄)နှစ်အား ဟင်္သာတမြို့နယ်၊ ရှားခဲကျေးရွာ၊ ဗိုလ်ချုပ်လမ်းရှိ ရွှေနှင်းဆီဆန်စက်မှ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ သီဟကျော်နှင့် တင်မျိုးအောင်(ခ)နေလတို့ကို စစ်ဆေးချက်အရ ၎င်းတို့ နှစ်ဦးသည် အိမ်နီးချင်းနေ ဒေါ်လှလှဝင်း၏ နေအိမ်အတွင်းသို့ ဩဂုတ် ၂၁ ရက် နံနက်ပိုင်းက ဝင်ရောက်ခိုးယူစဉ် တင်မျိုးအောင်(ခ)နေလမှ နေအိမ်အနီး ပတ်ဝန်းကျင်အား စောင့်ကြည့်ပေးခဲ့ပြီး သီဟကျော်မှ နေအိမ်အတွင်း ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်လှလှဝင်းမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် သီဟကျော်မှ ဒေါ်လှလှဝင်းအား အသင့်ပါလာသော နိုင်လွန်ကြိုးဖြင့် လည်ပင်းအား ရစ်ပတ်ပြီး မအော်ဟစ်နိုင်စေရန် ပါးစပ်အား အဝတ်ဖြင့်ဆို့ကာ မျှော့ကြိုးဖြင့် ရစ်ပတ်ခဲ့သဖြင့် ဒေါ်လှလှဝင်းမှာ သေဆုံးသွားခဲ့ကြောင်း၊ ထို့နောက် နေအိမ်အတွင်းရှိ ရွှေဆွဲကြိုး တစ်ကုံး၊ နိုင်ငံခြားငွေ အကြွေစေ့ (၁၂)စေ့၊ ငွေကျပ် တစ်သိန်းနှင့် Honor X7A အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးတို့အား လုယက်ယူဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဆက်လက်၍ သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေးဆောင်ရွက်ခဲ့ရာ လုယက်မှု ကျူးလွန်ရာမှ ရရှိခဲ့သည့် လက်ကိုင်ဖုန်း တစ်လုံး၊ နိုင်ငံခြားငွေ အကြွေစေ့ (၁၂)စေ့၊ ရွှေဆွဲကြိုးအား ရောင်းချသုံးစွဲရာမှ ကျန်ရှိသည့် ငွေကျပ် ၁၁ သိန်းတို့အား ဩဂုတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်ရှိ တိုက်ခန်းမှ သိမ်းဆည်းရရှိခဲ့သည်။
ဖြစ်စဉ်တွင် ဟင်္သာတမြို့နယ်၌ ကျောင်းဆရာမ(ငြိမ်း)အမျိုးသမီး တစ်ဦးအား သတ်ဖြတ်၍ ရွှေထည်ပစ္စည်းနှင့် ငွေများ လုယက်ယူဆောင်ခဲ့သူ တရားခံ သီဟကျော်၊ တင်မျိုးအောင်(ခ)နေလတို့ နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#News #Myanmar

No comments:
Post a Comment