ဩဂုတ် - ၈ ( သောကြာနေ့ )
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် ကတော့ အမေရိကန်နိုင်ငံမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ ချမ်းသာသူတွေနဲ့ ဝင်ငွေနည်းသူတွေအကြား စီးပွားရေးကွာဟချက်ဟာ လျော့နည်းလာနေပြီ လို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ငွေကြေးဖောင်းပွမှု နဲ့ နေထိုင်မှုကုန်ကျစရိတ် မြင့်တက်လာမှုတွေကြောင့် ပြည်သူတွေဟာ စီးပွားရေးဖိအားတွေကို ဆက်လက်ခံနေရဆဲ ဖြစ်ပါတယ်။
ဘက်ဆင့်က ဒီစကားကို ဒီသီတင်းပတ်အတွင်း CNBCသတင်းဌာန နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပြီး၊ အမေရိကန်စီးပွားရေးဟာ အခုထိ” ကေ-ပုံစံ စီးပွားရေး” ဖြစ်နေတယ်ဆိုတဲ့ အမြင်ကို ပယ်ချခဲ့ပါတယ်။ ကေ-ပုံစံ စီးပွားရေး ဆိုတာက စီးပွားရေးပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာ ချမ်းသာတဲ့ အိမ်ထောင်စုတွေက ပိုမိုအကျိုးခံစားရပြီး၊ ဝင်ငွေနည်းတဲ့ လူတန်းစားတွေကတော့ ပိုပြီးနောက်ကျကျန်ရစ်နေတဲ့ စီးပွားရေးပုံစံ ကို ဆိုလိုတာပါ။
ဘက်ဆင့်က"ဒီ ကေ-ပုံစံစီးပွားရေး ဆိုတဲ့အကြောင်းကို ကြားနေရတာ ကျနော် တော်တော်ငြီးငွေ့လာပြီ။ အခု ဒီနေရာမှာ အတိအကျ ပြောနိုင်တာကတော့ ကေ-ပုံစံစီးပွားရေး ဟာ ပြီးဆုံးသွားပါပြီ"လို့ ပြောကြားခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီး ဘက်ဆင့်ကတော့ အမေရိကန်စီးပွားရေးဟာ အခု "ကေ-ပုံစံစီးပွားရေး " မဟုတ်တော့ဘဲ "စီ - ပုံစံ စီးပွားရေ” ဘက်ကို ရွေ့လျားနေတယ် လို့ ပြောပါတယ်။ သူပြောတဲ့ စီ-ပုံစံစီးပွား ဆိုတာကတော့ ဝင်ငွေနည်းတဲ့ အလုပ်သမားတွေဟာ အရင်ကထက် ဝင်ငွေပိုကောင်းလာပြီး၊ ချမ်းသာသူတွေနဲ့ နောက်ကျနေတဲ့သူတွေအကြား ကွာဟချက်ကို လိုက်မီလာတဲ့ စီးပွားရေးပုံစံ ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
ဘက်ဆင့်က ဝင်ငွေအနိမ့်ဆုံး ၂၅ ရာခိုင်နှုန်းရှိတဲ့ အလုပ်သမားတွေဟာ အမှန်တကယ် ဝယ်ယူနိုင်စွမ်းအရ လုပ်ခလစာ ၂ ရာခိုင်နှုန်း တိုးလာခဲ့တယ် လို့ ပြောခဲ့ပြီး၊ ဒီအခြေအနေကို သမ္မတ ဒေါ်နယ်ထရမ့် ပထမအကြိမ် သမ္မတသက်တမ်းအတွင်း လုပ်ခတိုးတက်မှုနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။
ဒီပြောဆိုမှုတွေဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် အလယ်အလတ်ရွေးကောက်ပွဲ မတိုင်ခင် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အမေရိကန်ဗဟိုဘဏ် က အဓိကစောင့်ကြည့်တဲ့ ငွေကြေးဖောင်းပွမှု အညွှန်းကိန်းဟာ ရေရှည်ရည်မှန်းချက်ဖြစ်တဲ့ ၂ ရာခိုင်နှုန်းထက် မြင့်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင်အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးပဋိပက္ခကြောင့် စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာမှု ထရမ့်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှု မူဝါဒ တွေကြောင့်လည်း ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုဈေးနှုန်းတွေကို ဆက်လက်ဖိအားပေး နေပါတယ်။
ဒီသီတင်းပတ်မှာ ထုတ်ပြန်ခဲ့တဲ့ မားကွက်တက္ကသိုလ် ဥပဒေကျောင်း ရဲ့ စစ်တမ်းတစ်ခုအရတော့ ငွေကြေးဖောင်းပွမှုနဲ့ နေထိုင်မှုကုန်ကျစရိတ်ဟာ အမေရိကန်ပြည်သူတွေရဲ့ အဓိကစိုးရိမ်စရာ အကြောင်းအရာ အဖြစ် ဆက်ရှိနေပြီး၊ စစ်တမ်းဖြေဆိုသူတွေရဲ့ ၃၅ ရာခိုင်နှုန်းက အဲဒီအချက်ကို ထောက်ပြခဲ့ပါတယ်။
တစ်ဖက်မှာတော့ ထရမ့်က ဝေါ်စထရိ စတော့ဈေးကွက်မှာ စံချိန်တင် တိုးတက်မှုတွေ ဖြစ်ပေါ်နေတာကို အမေရိကန်စီးပွားရေး ပိုမိုအားကောင်းလာနေတဲ့ သက်သေအဖြစ် အကြိမ်ကြိမ် ဖော်ပြခဲ့ပါတယ်။ သူကတော့ သမ္မတရာထူး ပြန်လည်ရယူပြီးနောက် စတော့ဈေးကွက်ဟာ စံချိန်တင်အမြင့်ဆုံးအဆင့်တွေကို အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့တယ် လို့ ပြောခဲ့ပြီး၊ "ပုံမှန်အမေရိကန်လူမျိုးတွေရဲ့ အငြိမ်းစားငွေစာရင်းတွေဟာ ဒေါ်လာ ၃၀,၀၀၀ ကျော် တိုးလာခဲ့တယ်" လို့လည်း ဆိုခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment