ရွေးကောက်ခံအစိုးရသစ်အနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဖော်ဆောင်သွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွေးကောက်ခံအစိုးရသစ်အနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဖော်ဆောင်သွားမည်


နေပြည်တော်၊ သြဂုတ် ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ (၅၉) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် အာဆီယံပြည်သူများသို့ သဝဏ်လွှာပေးပို့ရာတွင် မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြည်သူလူထုဆန္ဒနှင့်အညီ လွတ်လပ်မှု၊ တရားမျှတမှုတို့ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ထွက်ပေါ်လာသည့် ရွေးကောက်ခံအစိုးရသစ်အနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတ ၏ သဝဏ်လွှာတွင် -

ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို စတင်တည်ထောင်ခဲ့သည့် (၅၉) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အခါသမယဖြစ်ပါသည်။ ဤမင်္ဂလာရှိသော အခါသမယတွင် မြန်မာနိုင်ငံနှင့် အာဆီယံဒေသအတွင်းရှိ ပြည်သူအပေါင်းတို့ ကျန်းမာချမ်းသာ၍ ငြိမ်းချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်နှုတ်ခွန်းဆက်သအပ်ပါသည်။

၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် “တစ်စုတစ်စည်းတည်းသော အရှေ့တောင်အာရှဒေသ” ကို ထူထောင်ရန် ရည်မှန်းချက်ဖြင့် အာဆီယံကို စတင်ဖွဲ့စည်းခဲ့ကြပါသည်။ အာဆီယံသည် ဘုံအကျိုးစီးပွား၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် အပြန်အလှန်လေးစားယုံကြည်မှုတို့ကို အခြေခံ၍ နှစ်ပေါင်း (၅၀) ကျော်အတွင်း စည်းမျဉ်းအခြေပြု၊ ပြည်သူဗဟိုပြု ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ရပ်အဖြစ် အောင်မြင်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ ၁၉၇၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (Treaty of Amity and Cooperation-TAC) နှင့် ၂၀၀၈ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် အာဆီယံပဋိညာဉ်စာတမ်းတို့သည် အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားခြင်း၊ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ခြင်း၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းခြင်းနှင့် စည်းမျဉ်းအခြေပြု ပူးပေါင်းဆောင်ရွက်မှုတို့ကို ခိုင်မာစေခဲ့ပါသည်။

အာဆီယံသည် ယခုအခါတွင် လူဦးရေသန်း (၆၈၀) ကျော်ရှိ သည့်ဒေသဆိုင်ရာအစုအဖွဲ့တစ်ရပ် ဖြစ်လာပြီး အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင် (ASEAN Outlook on the Indo-Pacific - AOIP)ကို အခြေခံ၍ ဒေသတွင်းတည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်မြှင့်တင်နိုင်ခဲ့ပါသည်။ ထို့ပြင် အာဆီယံဒေသဆိုင်ရာဖိုရမ် (ASEAN Regional Forum-ARF)၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး (East Asia Summit-EAS) နှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အပေါင်းအစည်းအဝေး(ASEAN Defence Minister Meeting Plus-ADMM-Plus) ကဲ့သို့သော အာဆီယံဦးဆောင်ယန္တရားများမှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပါသည်။ စီးပွားရေးကဏ္ဍတွင်လည်း အာဆီယံသည် ကမ္ဘာပေါ်တွင် ပဉ္စမအကြီးဆုံး စီးပွားရေးအစုအဖွဲ့အဖြစ် ရပ်တည်လျက်ရှိပြီး ဒီဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်စီးပွားရေး အသွင်ကူးပြောင်းမှုများကို အားပေးဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ပညာရေး၊ ကျန်းမာရေး၊ လူငယ်နှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ပြည်သူများ၏ ဘဝအရည်အသွေးနှင့် သာယာဝပြောရေးတို့ကို မြှင့်တင်နိုင်ရန်လည်း အားပေးလျက်ရှိပါသည်။

သို့ရာတွင် အာဆီယံသည် အင်အားကြီးနိုင်ငံများအကြား မဟာဗျူဟာပြိုင်ဆိုင်မှုများ၊ ပထဝီနိုင်ငံရေးတင်းမာမှုများ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အွန်လိုင်းလိမ်လည်မှုများ၊ စွမ်းအင်နှင့် စားရေရိက္ခာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ စသည့်စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကြုံတွေ့နေရသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများ ကွဲပြားခြားနားသည့်အလျောက် အကျိုးစီးပွားနှင့် ဦးစားပေးဆောင်ရွက်မှုအခန်းကဏ္ဍသည်လည်း ကွဲပြားလျက်ရှိကြပါသည်။ သို့ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ ပြည်တွင်းရေးကိစ္စရပ်များကိုသာ အလေးထားဖြေရှင်းရန် လိုလားမှုသည် အာဆီယံအသင်းကြီး၏ အချက်အချာကျမှုအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေမည်ဖြစ်ပါသည်။ ထို့ကြောင့် အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတို့ကို အခြေခံ၍ အာဆီယံ၏ အချက်အချာကျမှုကို ဆက်လက်ထိန်းသိမ်းကာ အားလုံးပါဝင်မှု ရှိပြီးစည်းမျဉ်းအခြေပြုသော ဒေသဆိုင်ရာဖွဲ့စည်းတည်ဆောက်မှုကို ပိုမိုအားကောင်းစွာ ဖော်ဆောင်သွားကြရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ရာ ယခုနှစ်တွင် အဖွဲ့ဝင်သက်တမ်း (၂၉) နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံသည် တာဝန်ယူမှု၊ တက်ကြွမှုနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများအပြင် အာဆီယံအသိုက်အဝန်းထူထောင်ရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံယန္တရားများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များတွင်လည်း အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြည်သူလူထုဆန္ဒနှင့်အညီ လွတ်လပ်မှု၊ တရားမျှတမှုတို့ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ထွက်ပေါ်လာသည့် ရွေးကောက်ခံအစိုးရသစ်အနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် အာဆီယံ၏ အခြေခံမူများကို လေးစားလိုက်နာလျက် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် အာဆီယံမိသားစုဝင်နိုင်ငံများနှင့်အတူ ဆက်လက်လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၅၉) နှစ်တာ ကာလအတွင်း အာဆီယံ၏ အောင်မြင်မှုများသည် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ တာဝန်ယူမှုနှင့် “အာဆီယံမိသားစု” စိတ်ဓာတ်အပေါ် အခြေခံ၍ အာဆီယံအချက်အချာကျမှုနှင့်အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများကို တစိုက်မတ်မတ် စောင့်ထိန်းလိုက်နာခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။ ယင်းခိုင်မာသောအုတ်မြစ်များကို ဆက်လက်ထိန်းသိမ်း၍ အာဆီယံမျှော်မှန်းချက် ၂၀၄၅ နှင့်အညီ ပိုမိုခံနိုင်ရည်ရှိသော၊ ဆန်းသစ်တီထွင်မှုကို အားပေးသော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူဗဟိုပြုသော အသိုက်အဝန်းတစ်ရပ်ကို “မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျန်မနေစေရေး - Leaving No One Behind” မူနှင့်အညီ တည်ဆောက်သွားကြရမည်ဖြစ်ပါသည်။ အလားတူ ဒေသတွင်း ပြည်သူများ၏ ဘဝအရည်အသွေးပိုမိုမြင့်မားလာစေရေးအတွက် အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ အချက်အချာကျမှုနှင့် အခြေခံစံတန်ဖိုးများကို အဖွဲ့ဝင်နိုင်ငံအားလုံးက အတူတကွဆက်လက်ထိန်းသိမ်းမြှင့်တင်သွားကြရန် တိုက်တွန်းပါကြောင်း ဖော်ပြပါရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)