ပဲခူး၊ ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၂၆ ခုနှစ်၊ ၂၇ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် ဘာသာရပ်အလိုက် နည်းပြများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး သတ်မှတ်ရက်အချိန်မီ ရောက်ရှိရေး၊ နေထိုင်စားသောက်ရေး၊ သွားလာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စ ရပ်များ ဘက်စုံပြည့်စုံမှုရှိစေရေး ကြိုတင်စီစဉ်ပေးထားရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲအား နိုင်ငံတော်အဆင့်တွင် ဆုတံဆိပ်များရရှိနိုင်ရေး မျှော်မှန်းဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ၂၀၂၆ ခုနှစ်၊ ၂၇ ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ပဲခူးတိုင်းဒေသကြီးမှ ထိုက်တန်သည့် ဆုတံဆိပ်များရရှိနိုင်ရေး အမှန်တကယ် အရည်အချင်းရှိသော ပြိုင်ပွဲဝင်များကို စနစ်တကျ ရွေးချယ်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ပဲခူးတိုင်းဒေသကြီးအဆင့် ၂၀၂၆ ခုနှစ်၊ ၂၇ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများက အခမ်းအနားပြင်ဆင်ရေး၊ ပြိင်ပွဲဝင်များအတွက် ကြိုဆိုနေရာ ချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဆုချီးမြှင့်ရေး၊ သယ်ယူပို့ဆောင်ရေး၊ မှတ်တမ်းတင်ရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် Online မှ တက်ရောက်သည့် ကော်မတီဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌများက ခရိုင်အလိုက်ပြိုင်ပွဲဝင်များနှင့်ပတ်သက်၍ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကိုလည်း ကောင်း၊ သီးခြားတက်ရောက်ကြသည့် ဘာသာရပ်အလိုက် နည်းပြများ၊ အနုပညာရှင်များက ပြိုင်ပွဲဝင် ရွေးချယ်မှု၊ အမှတ်ပေးစည်းမျဉ်းနှင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင့်ပေးမည့် အစီအစဉ် များအား အကြံပြုဆွေးနွေးတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar









No comments:
Post a Comment