ဩဂုတ် - ၂၀ ( ကြာသပတေးနေ့ )
အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယား (ပြုံးယမ်း) အပေါ် "ရန်လိုတဲ့" လက္ခဏာပြရာ ရောက်တယ်ဆိုပြီး စစ်ရေးလေ့ကျင့်မှု ပမာဏကို လျှော့ချဖို့ အမိန့်ပေးခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျောင်အန်နဲ့ ဒီနှစ်အတွင်း တွေ့ဆုံဖို့ မျှော်လင့်ထားကြောင်း ပြောကြားလိုက်ပါတယ်။
ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းအတွင်းက နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ ကြိုးပမ်းခဲ့ကြပြီး ၂၀၁၉ ခုနှစ်က စစ်မဲ့ဇုန် (DMZ) မှာ တွေ့ဆုံခဲ့တာအပါအဝင် သူတို့ ၂ဦးဟာ စုစုပေါင်း သုံးကြိမ်တိုင်တိုင် သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး သဘောတူညီမှုမရဘဲ သံတမန်နည်းလမ်းအရ ဆွေးနွေးမှုများ ရပ်တန့်သွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောကြားရာမှာတော့ ထရမ့်က ကင်ဂျောင်အန် ကို သူ့အနေနဲ့ "အင်မတန် ကောင်းကောင်း" သိကြောင်းနဲ့ သူတို့နှစ်ဦးဟာ "အဆင်ပြေကြတယ်" လို့ ဆိုပါတယ်။ အမေရိကန်သမ္မတက 'ကျနော်နဲ့သူ အဆင်ပြေပြေရှိနေတာဟာ ကောင်းတဲ့အချက်တစ်ခုပါ' လို့ ပြောဆိုခဲ့သလို မြောက်ကိုရီးယားမှာ 'အလွန်အားပြင်းတဲ့ နျူကလီးယားလက်နက် ၅၇ ခု' ရှိတယ်" လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီနှစ်အတွင်း ကင်ဂျောင်အန် နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိသလားလို့ မေးမြန်းရာမှာတော့ ထရန့်က "ဟုတ်ပါတယ်၊ တွေ့မှာပါ" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့မှာပဲ NBC သတင်းဌာနက အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြရာမှာတော့ ရက်မသတ်မှတ်ရသေးပေမဲ့ ထရမ့်အနေနဲ့ "သင့်တော်တဲ့ အချိန်" မှာ ကင်ဂျောင်အန်နဲ့ တွေ့ဆုံဖို့ လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်နဲ့ နှစ်စဉ်ပြုလုပ်နေကျ အယ်လ်ချီ ဖရီးဒမ်းရှီး လို့ အမည်ပေးထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဝါရှင်တန်ရဲ့ တောင်းဆိုမှုကြောင့် အချိန်လျှော့လိုက်ရကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန် စစ်မက်ရေးရာဌာန တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့မှာ စတင်ခဲ့တဲ့ ဒီစစ်ရေးလေ့ကျင့်မှုတွေကို သြဂုတ်လ ၂၇ ရက်အစား သြဂုတ်လ ၂၁ ရက်မှာတင် အဆုံးသတ်မှာဖြစ်ပြီး၊ အချို့သော တိုက်ရိုက်ပစ်ခတ် လေ့ကျင့်မှုတွေကို ပယ်ဖျက်တာ သို့မဟုတ် ကွန်ပျူတာစိစစ်မှု စနစ်သုံး လေ့ကျင့်မှုတွေအဖြစ် ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟွမ် ကတော့ ဒီလို ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ထရမ့်အစိုးရအဖွဲ့ဟာ ဆိုးလ် (တောင်ကိုရီးယား)ဘက်ကို ကြိုတင်အကြောင်းကြားခဲ့ခြင်း မရှိခဲ့ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment