ဟီရိုရှီးမား၊ သြဂုတ် ၁၀
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အာဆီယံသံရုံးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (တိုကျို) (ASEAN Committee in Tokyo-ACT) ၏ (၃၃၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ နံနက်ပိုင်းတွင် ဟီရိုရှီးမားမြို့ရှိ Rihga Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ထွန်းနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ တစ်နှစ်တာအတွင်း အာဆီယံကော်မတီ (တိုကျို) မှ ဦးဆောင်ကျင်းပမည့် အစီအစဉ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အစည်းအဝေးနှင့် တစ်ဆက်စပ်တည်း ဟီရိုရှီးမား-အာဆီယံအသင်း (Hiroshima-ASEAN Association- HAA) ဥက္ကဋ္ဌ Ms. Komatsu Setsuko က HAA အကြောင်း ရှင်းလင်းဆွေးနွေးခြင်းကို ဆက်လက်ကျင်းပခဲ့ပါသည်။ ထိုသို့ရှင်းလင်းဆွေးနွေးရာတွင် HAA သည် အာဆီယံနှင့် ဂျပန်တို့အကြား ချိတ်ဆက်ပေးသည့် တစ်ခုတည်းသော ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်ကြောင်း၊ အာဆီယံနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲများ စီစဉ်ပေးခြင်း၊ အာဆီယံနိုင်ငံများသို့ စီးပွားရေးအဖွဲ့များ သွားရောက်နိုင်ရေး ကူညီစီစဉ်ဆောင်ရွက်ပေးခြင်းနှင့် အာဆီယံမှ ကျောင်းသားများကို ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဟီရိုရှီးမား-အာဆီယံအသင်းဥက္ကဋ္ဌမှ အာဆီယံသံအမတ်ကြီးများအား နေ့လယ်စာဖြင့် တည်ခင်းသည့်အခမ်းအနားကို ကျင်းပခဲ့သည်။ အခမ်းအနားတွင် အာဆီယံကော်မတီ (တိုကျို) ၏ အလှည့်ကျဥက္ကဋ္ဌ စင်ကာပူသံအမတ်ကြီး H.E. Mr. Ong Eng Chuan က အာဆီယံသံအမတ်ကြီးများကိုယ်စား Ms. Komatsu Setsuko အား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့သည်။
#News #Myanmar


No comments:
Post a Comment