မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာဝိသုဒ္ဓါရုံတိုက်သစ်ရှိ စံကျောင်းပိဋကတိုက်အား အသစ်တစ်ဖန်ပြန်လည်မွမ်းမံပြင်ဆင်၊ ကျောင်းတိုက်အတွင်းရှိ လမ်းများအားလုံး နိုင်လွန်ကတ္တရာလမ်းခင်းလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာဝိသုဒ္ဓါရုံတိုက်သစ်ရှိ စံကျောင်းပိဋကတိုက်အား အသစ်တစ်ဖန်ပြန်လည်မွမ်းမံပြင်ဆင်၊ ကျောင်းတိုက်အတွင်းရှိ လမ်းများအားလုံး နိုင်လွန်ကတ္တရာလမ်းခင်းလှူဒါန်း


မန္တလေး၊ ဩဂုတ် ၁၀

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ရွှေကျင်ဂိုဏ်းကြီး၏ဗဟိုဌာန မဟာဝိသုဒ္ဓါရုံ တိုက်သစ်၏ ကျက်သရေဆောင်တစ်ခုဖြစ်ပြီး ပထမမဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး၏ အထိမ်းအမှတ်ဖြစ်သော နှစ်ပေါင်း (၁၁၀) သက်တမ်းရှိစံကျောင်း ပိဋကတိုက်ကြီးမှာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရန် ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက ပါမောက္ခချုပ် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသအမှူးပြုသော ဆရာတော်များထံမှ ဩဝါဒများခံယူ၍ ကုသိုလ်ရှင်များ၏ ကောင်းမှုဖြင့် ရှေးမူမပျက်ပြန်လည်ပြုပြင် မွမ်းမံပြီးစီးခဲ့သည်။

မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စံကျောင်းပိဋကတိုက် အသစ်တစ်ဖန် ပြန်လည်မွမ်းမံပြင်ဆင်ခြင်း၊ ကျောင်းတိုက်အတွင်းရှိ လမ်းများအားလုံး နိုင်လွန်ကတ္တရာလမ်းခင်း လှူဒါန်းခြင်းရေစက်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့က မဟာဝိသုဒ္ဓါရုံတိုက်သစ် အောင်မြေသာစည် အလယ်ကျောင်းကြီးတွင်ကျင်းပရာ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ အမှူးပြုသော ဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်၍ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက ဝိဇ္ဇာလင်္ကာရဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

အခမ်းအနား၌ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသနှင့် ဆရာတော်များထံ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များလှူဒါန်းသည့် ဓမ္မပူဇာအလှူငွေများကို တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

ယင်းနောက် ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသထံက အနုမောဒနာတရားနှင့် ရေစက်ချတရားနာယူ ကြည်ညိုကာ အခမ်းအနားကို ရုပ်သိမ်းပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် နှစ်ပေါင်း (၁၁၀) သက်တမ်းရှိ စံကျောင်းပိဋကတိုက်အား ရှေးမူမပျက်အသစ် တစ်ဖန် ပြန်လည်ပြုပြင်မွမ်းမံပြီးစီးမှု၊ ဆရာတော်ကြီး၏ ပုံတူကြေးရုပ်တုတော်နှင့် သစ်သားပုံတူ၊ ထေရုပ္ပတ္တိပန်းချီကားချပ်ကြီး ၂၃ ချပ်၊ မင်းတုန်းမင်းတရားနှင့် သီပေါမင်းတရားတို့ ဆက်ကပ် လှူဒါန်းခဲ့သည့် တံဆိပ်တုံးများ၊ ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများ၊ ကျမ်းစာများ၊ ကျမ်းစာအုပ်များ စသည်ဖြင့်ရွှေကျင် နိကာယဗဟိုဌာန၏ မှတ်တမ်း မှတ်ရာများ၊ ရွှေကျင်ဂိုဏ်းကြီး၏ မှတ်တမ်းမှတ်ရာများကို စနစ်တကျ ထိန်းသိမ်းထားရှိမှုများနှင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အောင်မြေသာစည် အလယ်တိုက်ကြီးအား ရှေးမူမပျက်ပြုပြင် မွမ်းမံထားရှိမှုများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)