စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)တွင် သင်ကြားရေးဆိုင်ရာနှင့် ကျောင်းပတ်ဝန်းကျင် ကောင်းမွန်ရေးဆိုင်ရာ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ - Myanmar National Post

Myanmar National Post

News Agency

Breaking

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)တွင် သင်ကြားရေးဆိုင်ရာနှင့် ကျောင်းပတ်ဝန်းကျင် ကောင်းမွန်ရေးဆိုင်ရာ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ








ဧရာဝတီ၊ ဩဂုတ် ၉

အောက်မြန်မာပြည်အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သင်ကြားရေးနှင့် ပညာရေးအရည်အသွေးများ မြှင့်တင်ကာ အနာဂတ်တွင် မဟာဘွဲ့ (Master) နှင့် ဒေါက်တာဘွဲ့ (Ph.D) များအထိ အပ်နှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။


နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားရာတွင် -

အရည်အသွေးမြင့်မားရေးနှင့် ဘွဲ့လွန်သင်တန်းများ ရည်မှန်းဆောင်ရွက်ရေး - “အစကောင်းမှ အနှောင်းသေချာမည်” ဖြစ်သဖြင့် သင်ကြားရေး အရည်အသွေး (Quality) ကို အဓိကထား ဆောင်ရွက်ရန်လိုကြောင်း၊ နောင်တွင် မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များ ပေးအပ်နိုင်ရေးအထိ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊

စိုက်ပျိုးနည်းစနစ်နှင့် အယူအဆဆိုင်ရာ သင်ကြားရေး - စပါး၊ ပြောင်း၊ ပဲနှင့် နှစ်ရှည်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် သီးသန့် အထူးပြုရမည့် သီးနှံများနှင့် နှစ်ရှည်ပင်များကို သေချာစွာ သင်ကြားပေးရန်လိုကြောင်း၊ “မျိုး၊ မြေ၊ ရေ၊ နည်း” ဟူသည့် အခြေခံအချက်များအနက် မျိုးကောင်းမျိုးသန့် ရရှိရေး၊ ရေအရင်းအမြစ် အသုံးချရေးတို့ကို သာမန်သင်ကြားပေးရုံမကဘဲ အတွေးအခေါ်နှင့် အိုင်ဒီယာပါ ရရှိအောင် သင်ကြားပေးရန်လိုအပ်ကြောင်း၊

လက်တွေ့ကျသော စိုက်ပျိုးရေးနှင့် မွေးမြူရေး - ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ကျွဲ၊ ငါး အစရှိသည့် မွေးမြူရေးနည်းလမ်းများအပြင် ဘဲသားနှင့် ဘဲဥ ထုတ်လုပ်မှုဆိုင်ရာ နည်းလမ်းများကိုပါ သေချာစွာ သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် အဓိကကျသည့် သရက်၊ သီဟိုဠ်နှင့် ရော်ဘာစသည့် နှစ်ရှည်သီးနှံများကို လက်တွေ့ကျကျ ဆောင်ရွက်စေလိုပြီး ဖြစ်နိုင်ပါက ကျောင်းသားများအနေဖြင့် မဟာတန်းအထိ ဆက်လက်သင်ယူကြရန် တိုက်တွန်းလိုကြောင်း၊

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဗဟုသုတများ - သစ်ပင်စိုက်ပျိုးရာတွင် တွက်ချက်စိုက်ပျိုးနည်း၊ အရိပ်ရပင်နှင့် နေကာပင် စိုက်ပျိုးပုံများကို ဗဟုသုတ (Knowledge) တစ်ခုအနေဖြင့် သင်ကြားပေးရန်၊ ပန်းဥယျာဉ် ပြုပြင်ဖန်တီးခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြားပေးရန် လိုကြောင်း၊

ကျောင်းသားများ၏ ဂုဏ်သိက္ခာနှင့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေး - ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ကျောင်းသားဆိုသည့် ဂုဏ်ကို မြတ်နိုးဂုဏ်ယူတတ်စေရန်နှင့် အတွေးအခေါ်၊ အသိအမြင်ကောင်းများ ရရှိစေရန် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ စာသင်ဆောင်များနှင့် အိပ်ဆောင်များကို စနစ်တကျ ပြုပြင်ဖန်တီးပေးရန် လိုအပ်ကြောင်း၊

လိုအပ်ချက်များ ဖြည့်ဆည်းပေးရေးနှင့် တိုးချဲ့ရေး - ကျောင်းသားဦးရေ တိုးတက်လာရေး ဆောင်ရွက်ရန်လိုပြီး အမှန်တကယ် လိုအပ်သည့် စာသင်ဆောင်၊ အိပ်ဆောင်နှင့် အဆောက်အအုံများကို စနစ်တကျ တွက်ချက်တောင်းခံပါက သီးခြားဘတ်ဂျက်ဖြင့် စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊

စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းများ တိုးချဲ့ရေး - တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီတိုင်း၌ စိုက်ပျိုး/မွေးမြူရေး သိပ္ပံများကို မဖြစ်မနေ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)