စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် တန့်ဆည်မြို့နယ်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်၊ သဖန်းဆိပ်ရေလှောင်တမံ ရေဝင်ရောက်မှုနှင့် ကြံ့ခိုင်မှုအခြေအနေကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် တန့်ဆည်မြို့နယ်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်၊ သဖန်းဆိပ်ရေလှောင်တမံ ရေဝင်ရောက်မှုနှင့် ကြံ့ခိုင်မှုအခြေအနေကြည့်ရှု






မုံရွာ၊ ဩဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင် တန့်ဆည်မြို့နယ် မူးမြစ်ရေမြင့်တက်သည့် ကျေးရွာများရှိ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၈ ရက် နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ခရိုင်စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း မိုးအဆက်အပြတ်ရွာသွန်းမှုကြောင့် မူးမြစ်ဘေးကျေးရွာရှိ လူနေအိမ်များအတွင်း မိုးရေများ ဝင်ရောက်ခဲ့ပြီး မိုးရေများပြန်လည်ကျဆင်းရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိုးရေများပြန်လည်ကျဆင်းပါက မိမိမြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ လမ်းများ၊ လူနေအိမ်များနှင့် ကျောင်းများအတွင်းသန့်ရှင်းသန့်ရှပ်ရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။  

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့် တန့်ဆည်မြို့နယ်၊ မူးမြစ်ရေဝင်ရောက်သည့် ကျေးရွာပြည်သူများအတွက် ထောက်ပံ့ငွေကျပ် ၃၂,၄၂၅,၀၀၀ အား လည်းကောင်း၊ တိုင်းဒေသကြီးစီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ်သိန်း  ၁၀၀ အား လည်းကောင်း ပြည်သူများအား ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်၍ တန့်ဆည်မြို့နယ် မူးမြစ်ရေဝင်ရောက်သည့်ကျေးရွာ ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံသို့ ရောက်ရှိရာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေ၊ ရေထိန်းတမံများ ကြံ့ခိုင်မှုအခြေအနေ၊ ရေပိုလွှဲနှင့်အကူရေပိုလွှဲကြံ့ခိုင်မှုအခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအားလုံးအနေဖြင့် ရေလှောင်တမံကြီးကြံ့ခိုင်မှုရှိစေရေးအတွက် မိုးရွာသွန်းမှုများသည့် ယခုကာလအတွင်း မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအား တာဝန်ကျေပွန်လိုစိတ်ဖြင့် အလေးထားကာ ဌာနများအချင်းချင်းချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများဆောင် ရွက်ရာတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်မှာကြားသည်။

အဆိုပါ သဖန်းဆိပ်ရေလှောင်တမံသည် တမံအလျား - ၂၂၅၈၇ ‌ပေ၊ တမံအမြင့် - ၁၀၈ ပေ၊  ကန်ရေပြည့်ရေပြင်ကျယ်ဧရိယာ - ၁၀၆၂၀၀ ဧက၊ ယခုလက်ရှိ ၂၈၈၀၀၀၀ ဧက သိုလှောင်နိုင်ပြီး ပင်မရေပိုလွှဲ - သံကူကွန်ကရစ် ရေတံခါး - (၃၀ ပေx၁‌၅ ပေ)၊ (၁၂)ပေါက် အကျယ် - ၄၃၇ ပေနှင့် အကူရေပိုလွှဲ သံကူကွန်ကရစ် - ၂၇ ပေအကျယ်၊ (၄၂)ပေါက် အကျယ် - ၁၂၀၇ ပေရှိပြီး သဖန်းဆိပ်ရေလှောက်တမံ၏ ကန်ရေပြည့်ရေမှတ် - ၅၄၅ ပေ ဖြစ်ပြီး တမံထိပ်ပြင်အမြင့် - ၅၆၀ ပေ၊ လက်ရှိရေအမှတ် - ၅၄၅.၂ ပေ ရှိကြောင်း သိရသည်။     

မိုးရာသီကာလအတွင်း မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိကျေးရွာများအား ချင်းတွင်းမြစ် ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရန်စေအတွက် မုံရွာမြို့၊ အလုံရပ်ကွက်မှ မုံရွာတောင်ရပ် ကွက်အထိ ရေကင်း(၁၂)ခုဖြင့် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်း၊ ရပ်ကွက်နေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်စုဖွဲ့၍ သတ်မှတ်နေရာများတွင် ရေကင်းများချကာ (၂၄)နာရီ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ချင်းတွင်းမြစ် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရန်စေအတွက် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မုံရွာမြို့ အလုံရပ်ကွက်မှ မုံရွာတောင်ရပ်ကွက်အထိ ရေကင်း(၁၂)ခုဖြင့် မြစ်ရိုးတစ်လျှောက်ရှိ ရေထိန်းတာပေါင်များ ကြံ့ခိုင်မှုအခြေအနေများ၊ ရေထိန်းတံခါးများ ကြံ့ခိုင်မှုအခြေအနေများနှင့် ရေကင်းများစုဖွဲ့ချကာ စောင့်ကြည့်နေမှုများအား ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ရေထိန်းတာပေါင်နှင့် ရေတံခါးများ ကြံ့ခိုင်မှုရှိစေရေးတို့အတွက် တာဝန်ရှိသူများမှ အချိန်ပြည့်စောင့်ကြည့်စစ်ဆေးသွားကြရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း ရပ်ကွက်နေပြည်သူများနှင့် ချိတ်ဆက်ပူးပေါင်းကာ ချင်းတွင်းမြစ်အခြေအနေအား (၂၄)နာရီအချိန်ပြည့်စောင့်ကြည့်သွားကြရန်နှင့် သဲအိတ်များ၊ တာပေါင်ကြံ့ခိုင်ရေးအတွက်လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများအား ကြိုတင်စီမံ စုဆောင်းထားရှိသွားကြရန် လိုအပ်ပါကြောင်း၊ မြစ်ရေကြီးချိန်ကာလအတွင်း မော်တော်/စက်တပ်လှေများ အန္တရာယ်ကင်းစွာဖြင့် စနစ်တကျမောင်းနှင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ချင်းတွင်းမြစ်ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မုံရွာမြို့ အလုံရပ်ကွက်မှ မုံရွာတောင်ရပ်ကွက်အထိ ရေကင်း(၁၂)ခုရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)