မြေရှားသတ္တု တူးဖော်ဖို့အတွက် အိန္ဒိယနဲ့ ဥဇဘတ် တို့ ပေါင်းလုပ်ဖို့အတွက် တိုင်ပင်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြေရှားသတ္တု တူးဖော်ဖို့အတွက် အိန္ဒိယနဲ့ ဥဇဘတ် တို့ ပေါင်းလုပ်ဖို့အတွက် တိုင်ပင်နေ


ဩဂုတ် -  ၅ ( ဗုဒ္ဓဟူးနေ့ ) 

ရှေးဟောင်း ပိုးလမ်းမ ကုန်သွယ်ရေး လမ်းကြောင်းတွေကတည်းက သမိုင်းဝင် ဆက်နွှယ်မှုတွေ ရှိခဲ့ကြတဲ့ အိန္ဒိယနဲ့ ဥဇဘက်ကစ္စတန် နှစ်နိုင်ငံဟာ သူတို့ရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်နေကြပြီး၊ သတ္တုတူးဖော်ရေးနဲ့ အရေးပါတဲ့ သတ္တုရိုင်း ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ အိန္ဒိယက မျှော်လင့်နေပါတယ်။

ကမ္ဘာတစ်ဝန်း ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေကို ထိခိုက်စေခဲ့တဲ့ ကုန်သွယ်ရေး တင်းမာမှုတွေကြားမှာ နယူးဒေလီဟာ အရေးပါတဲ့ သတ္တုရိုင်း ရရှိနိုင်ရေးအတွက် အာမခံချက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ မြေရှားသတ္တုတွေက ရတဲ့ သံလိုက်တွေဟာ လေအားလျှပ်စစ် တာဘိုင်တွေကနေ လျှပ်စစ်ကားတွေ အထိ နေရာတိုင်းမှာ အသုံးပြုရတာမို့ အစိမ်းရောင်စွမ်းအင် အသွင်ကူးပြောင်းရေးမှာ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံက ကမ္ဘာ့ရှားပါးမြေထွက် ဒြပ်စင် ကုန်သွယ်မှုနဲ့ သံလိုက်ထုတ်လုပ်မှု အများစုကို စိုးမိုးထားပါတယ်။

အိန္ဒိယဟာ မြေရှားသတ္တု ထောက်ပံ့မှုတွေ ရရှိဖို့အတွက် ရှာဖွေမှုတွေကို မကြာသေးမီက တိုးမြှင့်ခဲ့ပြီး၊ နိုင်ငံပိုင် သတ္တုတူးဖော်ရေး ကုမ္ပဏီ IREL ဟာ ကမ္ဘာ့ထောက်ပံ့မှု တစ်ဝက်ခန့်ကို ထုတ်လုပ်ပေးနေတဲ့ မြန်မာနိုင်ငံဆီက နမူနာပစ္စည်းတွေနဲ့ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ ရိုစ်နပ်ဖ်ကုမ္ပဏီပိုင် သတ္တုသိုက်တွေဆီက ပစ္စည်းနမူနာတွေကို ရယူနိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။

နယူးဒေလီကို ၄ ရက်ကြာ လာရောက်လည်ပတ်နေတဲ့ ဥဇဘက်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘာခ်သီယော စအီးဒို့ဗ် က အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ နဲ့ တွေ့ဆုံစဉ်မှာ - "ကျနော့်ကိုရော ကျနော့်ရဲ့ ကိုယ်စားလှယ်အဖွဲ့ တစ်ခုလုံးကိုပါ သီးသန့် ညွှန်ကြားထားတာကတော့ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီရဲ့ ဥဇဘက်ကစ္စတန်နိုင်ငံ လာရောက်မယ့် ခရီးစဉ်အတွက် ပြင်ဆင်နိုင်ဖို့ အိန္ဒိယနိုင်ငံကို လာရောက်ဖို့ပဲ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

စအီးဒို့ဗ် က အိန္ဒိယဟာ သူတို့နိုင်ငံအတွက် စိတ်ချယုံကြည်ရတဲ့အပြင် "တောင်အာရှမှာ အရေးအပါဆုံး မဟာဗျူဟာမြောက်နဲ့ ကုန်သွယ်ရေး မဟာမိတ်" ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အိန္ဒိယဟာ အကြမ်းဖက်မှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုလိုမျိုး ဘုံစိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်နေကြရတာကြောင့် ဥဇဘက်ကစ္စတန် အပါအဝင် ဆိုဗီယက် ပြည်ထောင်စုဟောင်း ဖြစ်ခဲ့ကြတဲ့ အလယ်အာရှ နိုင်ငံတွေနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ထားပါတယ်။

အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီး ပီယုရှ် ဂိုယယ်လ် က တနင်္လာနေ့မှာ နှစ်နိုင်ငံလုံးက စီးပွားရေးလုပ်ငန်းရှင်တွေကို "ပူးပေါင်းရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းထုတ်လုပ်မှုနဲ့ နည်းပညာဆန်းသစ်တီထွင်မှုတွေ" ကနေတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ ဥဇဘက်ကစ္စတန်ကြား နှစ်နိုင်ငံကုန်သွယ်မှုဟာ လက်ရှိမှာ ဒေါ်လာ ၁.၅ ဘီလီယံခန့်ပဲ ရှိသေးပေမဲ့ နှစ်နိုင်ငံလုံးကတော့ ၃ နှစ်အတွင်း နှစ်ဆတိုးမြှင့်ဖို့ မျှော်မှန်းထားကြပါတယ်။

"ဥဇဘက်ကစ္စတန်ဟာ သတ္တုတူးဖော်ရေးကဏ္ဍမှာ အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အခွင့်အလမ်းတွေ ပေးစွမ်းနေသလို၊ အထည်အလိပ် ကဏ္ဍမှာလည်း ဥဇဘက်ကစ္စတန်ရဲ့ ဂွမ်းထုတ်လုပ်မှု အားသာချက်တွေနဲ့ အိန္ဒိယရဲ့ ထုတ်လုပ်မှု၊ ဒီဇိုင်းနဲ့ ကမ္ဘာ့ဈေးကွက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ပြီး ပူးပေါင်းဆောင်ရွက်တာက အကျိုးကျေးဇူး ရရှိစေနိုင်ပါတယ်" လို့ ဂိုယယ်လ်က ပြောကြားခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)