နေပြည်တော်၊ ဩဂုတ် ၁၀
ချောင်းမကြီးဆည်အနီး မြေ ၂၂ ဧကပေါ်တွင် နေပြည်တော်စည်ပင် သာယာရေးကော်မတီနှင့် ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် နိုင်ငံတော်သမ္မတရုံး ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံတွင် ဥစားကြက်၊ အသားတိုးကြက်နှင့် အသားတိုးဝက်များ မွေးမြူထားရှိပြီး လျှိုပိတ်တမံတွင် ငါးများမွေးမြူထားကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကို ယမန်နေ့က နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်၊ နေပြည်တော် ကောင်စီဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ဥတ္တရသီရိဆည်သို့ ရောက်ရှိပြီး ယခုဇူလိုင်လ စတုတ္ထအပတ်မှစတင်ကာ တမံလှောင်ရေပြည့်မှတ်သို့ရောက်ရှိပြီး ရေပိုလွှဲမှ ခြောက်လက်မခန့် ရေကျော်စီးဆင်းလျက်ရှိနေမှု အခြေအနေများကိုကြည့်ရှု၍ မြို့တော်ဝန်က တမံပြုပြင်ထားရှိသော ဆည်ဖြစ်သည့်အတွက် တမံမြေသားအခြေအနေကို အမြဲမပြတ်စစ်ဆေးနေရန်၊ ရေပိုလွှဲလမ်းကြောင်း ရေစီးရေလာကောင်းမွန်စေရေး သက်ဆိုင်ရာဌာနများက ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ချောင်းမကြီးဆည်သို့ ရောက်ရှိစစ်ဆေးပြီး နေပြည်တော် မြို့ပြရေပေးဝေရေးအတွက် ယခုလက်ရှိအခြေအနေတွင် ချောင်းမကြီးဆည်သည် အဓိကနေရာတွင်ရှိသည့်အတွက် ဆည်ကြံ့ခိုင်ရေးကို စစ်ဆေးမှုပုံစံများအတိုင်း စနစ်တကျစစ်ဆေးရန်၊ ရေပြည့်မှတ်ရောက်ရှိရန် အမြင့်ပေလိုအပ်နေသေးသော်လည်း ရေပိုလွှဲနှင့် ရေလမ်းကြောင်းများ ရှင်းလင်းထားရန်၊ သောက်သုံးရေပေးဝေနေသော ဆည်ဖြစ်သည့်အတွက် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment