ဩဂုတ် - ၂၆ ( ဗုဒ္ဓဟူးနေ့ )
ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ပိုမက်စ်ကျေးရွာကို ဖြစ်ခဲပြီး ပြင်းထန်လွန်းတဲ့ လေဆင်နှာမောင်းတစ်ခု သောင်းကျန်းသွားခဲ့တာကြောင့် လူ ၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အဲဒီထဲက ၂ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံအာဏာပိုင်တွေက ဆိုပါတယ်။ ဒါ့အပြင် နေအိမ်ပေါင်း ၃၀၀ နီးပါးလည်း ပျက်စီးသွားခဲ့ရပါတယ်။
ဒီလေဆင်နှာမောင်းဟာ တနင်္လာနေ့ညနေပိုင်းမှာ အော်ဒီ ဒေသတွင်းက အဲဒီရွာကို ဝင်ရောက်တိုက်ခတ်ခဲ့ တာဖြစ်ပြီး၊ အွန်လိုင်းမှတ်တမ်း ဗီဒီယိုတွေထဲမှာတော့ လေဆင်နှာမောင်းဟာ ရွာအပေါ်မှာ မွှေနှောက်သွားပြီး ပြင်းထန်တဲ့ လေပြင်းတွေနဲ့အတူ အိမ်အမိုးတွေကို အချပ်လိုက် လွင့်ထွက်သွားစေကာ ပြတင်းပေါက်တွေကို ရိုက်ခွဲပစ်ခဲ့တာကို တွေ့ရပါတယ်။
ပြည်ထဲရေးဝန်ကြီးကတော့ ဒါဟာ "ဖြစ်ခဲလှတဲ့ အားပြင်းတဲ့ လေဆင်နှာမောင်း" လို့ ပြောဆိုခဲ့ပြီး ကူညီကယ်ဆယ်ရေးမှာ ပါဝင်ခဲ့ကြတဲ့ မီးသတ်သမားတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းတွေကို ညလုံးပေါက် ဆက်လက် လုပ်ဆောင်ခဲ့ကြပြီး၊ ပျက်စီးသွားတဲ့ အဆောက်အအုံ တွေကို စစ်ဆေးဖို့နဲ့ ထိခိုက်သွားတဲ့ ဧရိယာတွေမှာ လိုက်လံရှာဖွေဖို့အတွက် အထူး ကယ်ဆယ်ရေး တပ်ဖွဲ့တွေ အပြင် မီးသတ်သမား ၇၅ ဦးကိုလည်း အင်အားဖြည့် ထောက်ပို့ပေးခဲ့တယ်လို့ အင်္ဂါနေ့မှာ ပြည်နယ်အုပ်ချုပ်ရေးရုံး က ဆိုပါတယ်။
နေအိမ်တွေကနေ စွန့်ခွာခဲ့ရတဲ့ ဒေသခံတွေကို ကြက်ခြေနီအသင်းရဲ့ အကူအညီနဲ့ ဘက်စုံသုံး ခန်းမတစ်ခုမှာ ခိုလှုံခွင့်ပေးထားပြီး၊ အခြားသူတွေကိုတော့ ဆွေမျိုးတွေဆီမှာဖြစ်ဖြစ်၊ အနီးနားက ရပ်ကွက်/ကျေးရွာတွေ ဆီမှာဖြစ်ဖြစ် ယာယီ ရွှေ့ပြောင်းပေးထားပါတယ်လို့ ဆိုပါတယ်။
လူသေဆုံးတာ ဒါမှမဟုတ် ပျောက်ဆုံးတာမျိုး မရှိပေမဲ့၊ ဒဏ်ရာရသူတွေထဲမှာတော့ အိမ်ပြိုကျလို့ ထိခိုက်ဒဏ်ရာ ရသွားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီမုန်တိုင်းကြောင့် ပြင်သစ်တောင်ပိုင်းတစ်ခွင်မှာ လျှပ်စစ်အခြေခံအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဒီလေဆင်နှာမောင်းဟာ ပြင်သစ်နိုင်ငံရဲ့ စံနှုန်းတွေနဲ့ ကြည့်ရင်တော့ ပုံမှန်ထက်ကို ပိုပြီး ပြင်းထန်လွန်းပုံရပါတယ် လို့ ဆိုပါတယ်။ ပဏာမ ဆန်းစစ်ချက်တွေအရ လေပြင်းတိုက်ခတ်နှုန်းဟာ "တစ်နာရီကို ကီလိုမီတာ ၂၀၀ ထက်မက" ရှိခဲ့ပြီး၊ ကီလိုမီတာ ၂၄၀ အထိတောင် ပြင်းထန်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment