ဩဂုတ် - ၂၄ ( တနင်္လာနေ့ )
ဗြိတိန်နိုင်ငံမှာရှိတဲ့ အသေးစား လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုဟာ ဆိုက်ဘာတိုက်ခိုက်ခံရတာကြောင့် စက်ရုံကို ယာယီပိတ်ထားခဲ့ရတယ် လို့ တယ်လီဂရပ် သတင်းစာက စနေနေ့မှာ ဖော်ပြပါတယ်။ ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ အီရန်နဲ့ ဆက်နွယ်နေတဲ့ ဟက်ကာအဖွဲ့ ရှိတယ်လို့ ဗြိတိန်အာဏာပိုင်တွေက ယူဆထားပါတယ်။
ဗြိတိန်နိုင်ငံမှာက အသေးစား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဒါဇင်နဲ့ချီပြီးတော့ အမျိုးသားလျှပ်စစ်ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ထားပါတယ်။ အဲဒီစက်ရုံတွေထဲက အများစုဟာ သဘာဝဓာတ်ငွေ့သုံးစက်ရုံတွေ ဖြစ်ပြီး တစ်ပတ်ကို နာရီအနည်းငယ်လောက်ပဲ လည်ပတ်ကြတာပါ။ တိုက်ခိုက်ခံရတဲ့ စက်ရုံက ဘယ်စက်ရုံလဲဆိုတာကိုတော့ သတင်းစာက ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ဒါပေမဲ့ အဲဒီစက်ရုံဟာ ဇူလိုင်လအတွင်း လေးရက်ကြာ လည်ပတ်နိုင်ခြင်းမရှိဘဲ ရပ်နားခဲ့ရတယ် လို့ ဖော်ပြပါတယ်။
ဖြစ်စဉ်နောက်ပိုင်းမှာ အာဏာပိုင်တွေက အမျိုးသားဆိုက်ဘာလုံခြုံရေး အဖွဲ့ (NCSC) ကို အကြောင်းကြား ခဲ့ပါတယ်။ NCSC ဟာ ဗြိတိန်အစိုးရရဲ့ ဆက်သွယ်ရေးထောက်လှမ်းရေးအဖွဲ့ (GCHQ) လက်အောက်မှာ အများပြည်သူနဲ့ တိုက်ရိုက်ဆက်သွယ်လုပ်ကိုင်တဲ့ ဌာနတစ်ခုပါ။
ဒါ့အပြင် လျှပ်စစ်စွမ်းအင်ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိတွေကို အရေးပေါ် ရှင်းလင်းဆွေးနွေးပွဲတွေ ပြုလုပ်ပေးခဲ့ပြီး ကုမ္ပဏီတွေက ဆိုက်ဘာလုံခြုံရေးကို ပိုမိုတင်းကျပ်အောင် ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတဲ့ လမ်းညွှန်ချက်တွေလည်း ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
သတင်းစာ ရဲ့ ဖော်ပြချက်အရ ဒီဖြစ်စဉ်ဟာ အမေရိကန်နိုင်ငံက ရေသန့်စင်နဲ့ ရေပေးဝေရေး အခြေခံ အဆောက်အအုံတွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် အမေရိကန်ပြည်နယ် ၁၂ ခုက ရေစနစ်တွေ ထိခိုက်ခဲ့တယ် လို့ သိရပါတယ်။
ဒီလအစောပိုင်းမှာတော့ CBS News က သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေသခံရေပေးဝေရေးစနစ် ၃၀ ကျော် ထိခိုက်ခဲ့တယ် လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေနောက်ကွယ်မှာလည်း အီရန်အစိုးရရဲ့ ထောက်ခံမှု ရထားတဲ့ ဟက်ကာတွေ ပါဝင်နိုင်တယ် လို့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment