ကျိုက်ထို၊ ဩဂုတ် ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတို့ ပူးပေါင်း၍ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကို ဩဂုတ် (၁၈) ရက် နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက်(ဓမ္မာရုံ)၌ ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလှနှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်အေးခန့်တို့က အမှာစကားများပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ပြည်သူ့စကားဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးလှ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဥ်မင်းထိုက်နှင့် ဦးစိုးမင်းစမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ မိမိတို့ဌာနအလိုက်ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတို့ကို ဆွေးနွေးကြရာ တက်ရောက်လာသည့် ပြည်သူများက ရေနှုတ်မြောင်းတူးဖော်ပေးစေရေး၊ သောက်သုံးရေအခက်အခဲရှိသည့်အတွက် ရေကန်များအသစ်တည်ဆောက်ပေးစေနိုင်ရေး စသည့်ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည်များ၊ လိုအပ်ချက်များကို တင်ပြမေးမြန်းခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။
အဆိုပါပြည်သူ့စကားဝိုင်းသို့ မြောက်ပိုင်းရပ်ကွက်အတွင်းရှိ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး
#News #Myanmar





No comments:
Post a Comment