ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေကျပ် ၁၀၄၉ သိန်းကျော် ပေးအပ်ချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေကျပ် ၁၀၄၉ သိန်းကျော် ပေးအပ်ချီးမြှင့်



နေပြည်တော်၊ ဩဂုတ် ၅

ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ကုန်းဘောင်ခေတ်၊ ဝေသာလီခေတ်နှင့် မြောက်ဦးခေတ်လက်ရာများဖြစ်သည့် ရွှေပန်း ကနုတ်အပိုင်းအစ၊ ငွေဒင်္ဂါး၊ ကျောက်ကွင်း၊ ကျောက်ပုတီးစေ့၊ ကြေးအလေး၊ ကြေးခလောက်၊ ကြေးသတ္တုစပ်ပြား၊ မြေထည်ပစ္စည်းများ စသည့် ရှေးဟောင်းဝတ္ထုပစ္စည်းအရေအတွက် စုစုပေါင်း ၁၁၇၃ ခုကို အပ်နှံခဲ့ခြင်းအတွက် အပ်နှံပေးသူများကို ဆုကြေးချီးမြှင့်ငွေကျပ် ၁၀၄၉ သိန်းကျော်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နေပြည်တော် ပျဉ်းမနားမြို့နယ် ပန်းခင်း(၃)လမ်းနေ ဦးဝင်းကိုကို၊ နေပြည်တော် ပျဉ်းမနားမြို့နယ် သဲကျွန်းကျေးရွာမှ ဦးမောင်မောင်ဆွေ၊ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျောက်တိုင်ကျေးရွာမှ ဦးရဲရင့်ဇော်၊ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာမှ ဦးဝင်းမင်းထွန်း၊ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာမှ ဦးစိုးမင်း၊ မွန်ပြည်နယ်ရေးမြို့နယ် ခေါဇာမြို့ ရာဇာဓိရာဇ်လမ်းနေ ဦးဉာဏ်လင်းထက်တို့က ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံခဲ့သည့်အတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဟောင်းဝတ္ထုပစ္စည်းများကို အကြောင်းအမျိုးမျိုးဖြင့် တွေ့ရှိခြင်းဖြင့်သော်လည်းကောင်း၊ ဝါသနာအလျောက် စုဆောင်းထားခြင်းဖြင့်သော်လည်းကောင်း ရရှိသိမ်းဆည်းထားပြီး နိုင်ငံတော်သို့ အပ်နှံပါက ရွှေထည်ပစ္စည်းများဖြစ်ပါက ပညာရှင်အဖွဲ့၏ စိစစ်သုံးသပ်ချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ အရည်အသွေးစစ်ဆေး၍ အရည်အသွေးနှင့်အလေးချိန်ကို ယင်းနေ့ပြင်ပပေါက်ဈေးဖြင့် မူလတန်ဖိုးတွက်ချက်၍ ပျူခေတ်လက်ရာပစ္စည်းများဆိုပါက မူလတန်ဖိုးများအပြင် ခေတ်ကာလတန်ဖိုး ရာခိုင်နှုန်း ၈၀၊ ခေတ်လက်ရာတန်ဖိုး ရာခိုင်နှုန်း ၄၀ မှ ၈၀ အထိအပြင် ထပ်ဆောင်းတန်ဖိုးပါချီးမြှင့်မည်ဖြစ်ကြောင်း၊ ပုဂံခေတ်လက်ရာပစ္စည်းများဖြစ်ပါက ခေတ်ကာလတန်ဖိုးရာခိုင်နှုန်း ၇၀၊ ခေတ်လက်ရာတန်ဖိုး ရာခိုင်နှုန်း ၄၀ မှ ၇၀ အထိအပြင် ထူးခြားရှားပါးသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ထပ်ဆောင်းတန်ဖိုးအဖြစ် ကာလတန်ဖိုး၏ ရာခိုင်နှုန်း ၄၀ မှ ၈၀ အထိ ထပ်မံချီးမြှင့်ပေးသည့်အတွက် ရှေးဟောင်း ဝတ္ထုပစ္စည်းများကို အနည်းဆုံး ခေတ်ကာလ ပေါက်ဈေး၏ နှစ်ဆခွဲမှ သုံးဆခွဲကျော်အထိ ဆုကြေး ငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များသည် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် ခိုင်မာသည့်သမိုင်းသက်သေများဖြစ်သဖြင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန် အရေးကြီးကြောင်း၊ ယဉ်ကျေး မှုအမွေအနှစ်များထိန်းသိမ်းရာတွင် ပြည်သူလူထု၏ တာဝန်သိစိတ်နှင့် ပူးပေါင်းပါဝင်မှုသည် ပဓာနကျပြီး ယခုကဲ့သို့ စီးပွားရေးအကျိုးအမြတ်ထက် နိုင်ငံတော်အတွက် ရှေးဟောင်းပစ္စည်းများကို စေတနာအပြည့်ဖြင့် လာရောက်အပ်နှံခဲ့ကြသည့် ပြည်သူများ၏ အမျိုးသားရေးအသိကို လေးစားဂုဏ်ယူပါကြောင်း၊ အပ်နှံခဲ့သည့်ပစ္စည်းများကို အမျိုးသားပြတိုက်များတွင် စနစ်တကျထိန်းသိမ်းပြသသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်၌ ရှေးဟောင်းပစ္စည်းများတွေ့ရှိပါက သက်ဆိုင်ရာဌာနသို့ ဆက်သွယ်အပ်နှံကြရန်နှင့် သတင်းပေးပို့ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)