ဩဂုတ် - ၁၂ ( ဗုဒ္ဓဟူးနေ့ )
တရုတ်နိုင်ငံဟာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်ကစပြီး နိုင်ငံထဲ အဝင်အထွက် ပြုလုပ်သူတွေကို စည်းကမ်း ပိုမိုတင်းကျပ်သွားတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ခရီးသွား လျှောက်လွှာတွေ၊ အဝင်အထွက် ကန့်သတ်ချက်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အေဂျင်စီ ဝန်ဆောင်မှုတွေကို လွှမ်းခြုံထားတဲ့ နိုင်ငံတော်ကောင်စီရဲ့ စည်းမျဉ်းသစ် ၁၉ ချက်အရ ဖြစ်ပါတယ်။
ဒီ "ထွက်ခွာမှုနှင့် ဝင်ရောက်မှု စီမံခန့်ခွဲရေးဆိုင်ရာ စည်းမျဉ်းများ" ကို ဇွန်လ ၂၉ ရက်နေ့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်ကောင်စီ အလုပ်အမှုဆောင် အစည်းအဝေးမှာ အတည်ပြုခဲ့ပြီး၊ ဇူလိုင်လ ၂၂ ရက်နေ့မှာ ဝန်ကြီးချုပ် လီချန်က အမိန့်ကြော်ငြာစာအမှတ် ၈၄၁ နဲ့ လက်မှတ်ရေးထိုးခဲ့တာပါ။ ဇူလိုင် ၃၁ ရက်မှာတော့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
စည်းမျဉ်းအသစ်အရ တရုတ်နိုင်ငံထဲ ဝင်ရောက်ဖို့၊ ထွက်ခွာဖို့ ဒါမှမဟုတ် နေထိုင်ဖို့ လျှောက်ထားတဲ့အခါ ဖော်ပြထားတဲ့ ခရီးစဉ်ရည်ရွယ်ချက်ဟာ မှန်ကန် စေတနာပါရမှာဖြစ်သလို တရားဝင်မှုလည်း ရှိရပါမယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ ဗီဇာအာဏာပိုင်တွေက လျှောက်ထားသူရဲ့ အထောက်အထားနဲ့ ရည်ရွယ်ချက်ကို စိစစ်ချိန်မှာ လိုအပ်ရင် စိစစ်မေးမြန်းတာတွေ၊ စာရွက်စာတမ်းတွေနဲ့ အီလက်ထရွန်နစ် ဒေတာ (ဖုန်း/ကွန်ပျူတာ အချက်အလက်) တွေကို တောင်းဆို စစ်ဆေးတာတွေ ပြုလုပ်နိုင်ပါတယ်။ စာရွက်စာတမ်းအတု ဒါမှမဟုတ် မမှန်မကန် ပြောဆိုချက်တွေ တွေ့ရှိရင် ခရီးသွားလာခွင့် စာရွက်စာတမ်း ထုတ်ပေးဖို့ ဒါမှမဟုတ် အဝင်အထွက် ပြုလုပ်ခွင့်ပေးဖို့ ငြင်းပယ်ခံရနိုင်ပါတယ်။
တရုတ်အာဏာပိုင်တွေဟာ လက်နက်ကိုင်ပဋိပက္ခ၊ ရာဇဝတ်မှု၊ သဘာဝဘေးအန္တရာယ်၊ ကြီးမားတဲ့ မတော်တဆမှု ဒါမှမဟုတ် ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ နိုင်ငံ/ဒေသတွေကို သွားရောက်ဖို့ ပြင်ဆင်နေတဲ့ မိမိနိုင်ငံသားတွေကို သတိပေးချက်တွေ ပိုမို တင်းကျပ် ထုတ်ပြန်သွားမှာပါ။
လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေအနေနဲ့ စူးစိုက်သတိထားကြဖို့ အကြံပြုနိုင်သလို၊ လိုအပ်လာရင် အန္တရာယ်အလွန်ကြီးမားတဲ့ နေရာတွေ ဒါမှမဟုတ် တစ်ကိုယ်ရေ လုံခြုံရေးကို ထိခိုက်နိုင်တဲ့ နေရာတွေကို မသွားကြဖို့ တားမြစ်တာမျိုး ပြုလုပ်နိုင်ပါတယ်။ သို့သော်လည်း သတိပေးချက် ထုတ်ပြန်ရုံနဲ့ တိုက်ရိုက် ခရီးသွားခွင့် ပိတ်ပင်လိုက်တာမျိုး မဟုတ်ပါဘူး။
တခြားတစ်ဖက်မှာတော့ ခရီးသွားလာခွင့် စာရွက်စာတမ်းတွေကို လိမ်လည်ရယူတာ ဒါမှမဟုတ် တရားမဝင် အဝင်အထွက် ပြုလုပ်တာကြောင့် ထိန်းသိမ်းခံခဲ့ရဖူးတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ ပြစ်ဒဏ်စေ့လွတ်ပြီးနောက် ၆ လမှ ၃ နှစ်အထိ နိုင်ငံပြင်ပထွက်ခွာခွင့် ပိတ်ပင်ထားနိုင်ပါတယ်။
REF: The Nation
#News #Myanmar

No comments:
Post a Comment