ဘားအံ၊ ဩဂုတ် ၁၉
ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များသည် ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏အုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာလည်ပတ်နိုင်ရေး ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများသည် အဓိကအခြေခံကျသူများဖြစ်သည့်အတွက် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက် ၁၂ ချက်ကို လေးစားလိုက်နာ၍ လုံခြုံရေးတရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျေးရွာအုပ်စုများအတွင်း လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ အားကစားနှင့်လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး၊ ကျေးရွာများတွင် စီးပွားရေးအခွင့်အလမ်းကောင်းများရရှိပြီး နေထိုင်မှုဘဝအဆင်ပြေစေရေး၊ စိုက်ပျိုးရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မှုခင်းများ လျော့နည်းကျဆင်းရေးနှင့် ရပ်ရွာအတွင်း သာရေး၊ နာရေးကိစ္စရပ်များတွင် အုပ်ချုပ်ရေးမှူးများက ဦးစီးဦးဆောင် ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နယ်မြေဒေသများမှသတင်းများပေးပို့တင်ပြနိုင်ရေး၊ အစိုးရသစ်၏ ရက် ၁၀၀ ကာလအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် တက်ညီလက်ညီပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရပ်ကွက်/ကျေးရွာ သန့်ရှင်းသာယာလှပရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်လိုက်နာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း
#News #Myanmar




No comments:
Post a Comment