ဂန့်ဂေါ၊ ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့နယ်အတွင်းရှိ အများပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ မြို့ပေါ်ရပ်ကွက် များနှင့် လူစည်ကားရာနေရာများသို့လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း ရေဝင်ရောက်နိုင်သည့်နေရာများ တွင် နေထိုင်ကြသည့်ပြည်သူများအနေဖြင့် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် အချက် များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရမည့်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များကြုံတွေ့လျှင် ဆက်သွယ်ရမည့် တယ်လီဖုန်း နံပါတ်များပါဝင်သည့် ရေဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များကိုအခမဲ့ဖြန့်ဝေကာ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာနှိုးဆော်ခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးရှိုင်းသူနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ သည် မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာလမ်းဆုံနေရာများတွင် ရေဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်(၂၀၀)စောင်ကို အခမဲ့ဖြန့်ဝေပေးကာ အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း
#News #Myanmar





No comments:
Post a Comment