မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးက အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၃၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကို ခွင့်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးက အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၃၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကို ခွင့်ပြု


နေပြည်တော်၊ ဩဂုတ် ၁၅

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ ကျင်းပပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၃၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကို ခွင့်ပြုခဲ့သည်။

အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအသစ်နှစ်ခုကိုလည်းကောင်း၊ စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ခြောက်ခုကိုလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် နှစ်ခုကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် သုံးခုကိုလည်းကောင်း၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်တစ်ခုကို လည်းကောင်း ခွင့်ပြုပေးခဲ့သည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ၄၇၄ သန်းနှင့် ကျပ် ၁,၁၇၈,၇၃၁ ဒသမ ၉၂၅ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၃၃၆ ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

အစည်းအဝေးက ခွင့်ပြုပေးသည့်လုပ်ငန်းများမှာ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်တည်ဆောက်ရောင်းချငှားရမ်းခြင်းလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် ကုန်တင်မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် လျှပ်စစ်သုံးနှစ်ဘီး၊ သုံးဘီးမော်တော်ဆိုင်ကယ်များ တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ထော်လာဂျီယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ လူသုံးကုန်လျှပ်စစ်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ပလတ်စတစ်ပြားနှင့် ပလတ်စတစ်ဘူးခွံအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဖိနပ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းတို့ ပါဝင်သည်။

၂၀၂၆ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံ၊ ဒေသပေါင်း ၄၈ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဟောင်ကောင်(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)တို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၀၆ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၀ ဒသမ ၄၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၅ ဒသမ ၄၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)