နေပြည်တော်၊ ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ငဝန်တာကျိုးပေါက်ပြီး ရေကျော်စီးဝင်ခြင်းကြောင့် ရေကြီးရေလျှံဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ တာပိတ်ဆို့ပြုပြင်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ပုသိမ်မြို့ရှိဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေ သကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်လင်းမောင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်ခိုင်၊ ဒုတိယဝန်ကြီးမျာ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို သက်သာလျော့ပါးစေရန်နှင့် သဘာဝဘေးဖြစ်ပွားပြီးချိန်တွင် ပြန်လည်ထူထောင်ရေးအတွက် ကြိုတင်စီမံထားရှိပြီးဖြစ်ပါကြောင်း၊ ယခုအခါ လေးမျက်နှာမြို့နယ် ငဝန်တာ၏အောက်ခံမြစ် ကျိုးအင်း သဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင် ခြင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားလျှင်ဖြစ်ပွားခြင်း တပ်မတော်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ညီလက်ညီပူးပေါင်းပြီး အမြန်ဆုံးတုန့်ပြန် ဆောင်ရွက်ခဲ့ကြသည့်အတွက် လူအသေအပျောက် တစ်စုံတစ်ရာမရှိဘဲ အောင်မြင်အောင်ဆောင် ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်သမ္မတကလည်း သဘာဝဘေးနှင့်ပတ်သက်၍ လိုအပ်ချက်များကို အကောင်းဆုံးနှင့် အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
ဧရာဝတီနှင့် ငဝန်မြစ်ရိုးတစ်လျှောက်ရှိ တာများကြံ့ခိုင်မှုအခြေအနေကို ကွင်းဆင်းစစ်ဆေးရန်၊ ရေကင်းများစနစ်တကျချထားဆောင်ရွက်ရန်နှင့် ထူးခြားမှုရှိပါက ပြည်သူလူထုကိုအသိပေးနိုင်သည့်စနစ် ထူထောင်ထားရှိရန်လိုအပ်ပါကြောင်း၊ ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ရန်နှင့် မြစ်ရေတင် စီမံကိန်းများဆောင်ရွက်နိုင်ရန် မြစ်ကြောင်းများတွင် အနိမ့်တမံများလည်းတည် ဆောက်နိုင်ပါကြောင်း။
ရေကြီးရေလျှံမှုကြောင့် ပြန်လည်ပြင်ဆင်ရန်လိုအပ်သည့် လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေး၊ ကျောင်း၊ ဆေးရုံ၊ သောက်သုံးရေစနစ်များကို အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်ရေး ကဏ္ဍအလိုက် စီမံပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေနစ်မြုပ်ပျက်စီးသွားသည့် လယ်ယာမြေများတွင် စပါးပြန်လည်စိုက်ပျိုးရန်နှင့် အချိန်မမီပါက အခြားသီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မျိုးစေ့၊ စိုက်ပျိုးရေးသွင်းအားစုများ၊ လိုအပ် သည့်ထောက်ပံ့ကူညီမှုများနှင့် နည်းပညာများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရတို့က ပူးပေါင်းစီစဉ်ပေးသွားမည်ဖြစ်ကြောင်း။
ကျောင်းဖွင့်ရာသီဖြစ်သောကြောင့် ရေပြန်လည်ကျချိန်တွင် စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံကူညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တာတမံများ၊ မြစ်ကမ်းများ၏ တောင့်တင်းခိုင်မာမှုနှင့် ကြံ့ခိုင်မှုတို့အတွက် ရေတိုအစီအမံများနှင့် ရေရှည်ဆောင်ရွက်မည့်အစီအမံ များကို ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လက်ရှိဆောင်ရွက်နေသည့်အခြေအနေ၊ တွေ့ကြုံရသည့်အခက် အခဲများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးပေးကြရန်နှင့် မိမိတို့တိုင်းဒေသ ကြီးအတွင်းရှိ ကားလမ်း၊ ရထားလမ်းပိုင်းများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို အမြန် ဆုံးပြင်ဆင်ဆောင်ရွက်ရန်နှင့် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင် ရာဌာနများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ရေကြီးရေလျှံဖြစ်ပွားခဲ့မှု၊ ကူညီကယ်ဆယ်ရေး၊ စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး၊ ကျန်းမာရေးအထောက်အကူပြုကုသမှုဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူများက ရေကြီးရေလျှံ ဖြစ်ပွားခဲ့မှု၊ အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့မှု၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း များဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ ရေငံဝင်ရောက် လေ့ရှိသည့် လယ်ယာများတွင် ရေငံတားတာများကို ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပြန်လည်သုံးသပ်ဆွေးနွေး၍ လိုအပ်သည် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
#MNP #News

No comments:
Post a Comment