ဩဂုတ် - ၁၇
ဆော်ဒီအာရေးဗီးယားက ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲမှာ သင်္ဘောသွားလာရေး လုံခြုံရေးအတွက် ဘက်ပေါင်းစုံ ပါဝင်တဲ့ ရေတပ်ကာကွယ်ရေး မဟာမိတ်အဖွဲ့ကို တရားဝင်စတင်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ ယီမင်ဟူသီအဖွဲ့နဲ့ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် ကမ္ဘာ့အရေးပါဆုံး ကုန်သွယ်ရေး ရေကြောင်းလမ်းကြောင်း တစ်ခု စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို ပေါ်ပေါက်လာတာပါ။
အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ၁၃ နိုင်ငံက ပြီးစီးအောင် ဆောင်ရွက်ထားပြီး ၁၅ နိုင်ငံကတော့ ပူးတွဲကြေညာချက်မှာ လက်မှတ်ရေးထိုးထားကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
ရီယာဒ် (ဆော်ဒီအစိုးရ) ကတော့ ဒါဟာ မဟာမိတ်အဖွဲ့ရဲ့ "လက်တွေ့ကျကျ စတင်ခြင်း" ဖြစ်ပြီး အဖွဲ့အစည်း ဆိုင်ရာနဲ့ စစ်ဆင်ရေးဆိုင်ရာ စတင်လှုပ်ရှားမှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဆော်ဒီက ပထမ တပ်မှူးနေရာကို တာဝန်ပေးမှာဖြစ်ပြီး ပါကစ္စတန်ကတော့ ဒုတိယတပ်မှူးကို ခန့်အပ်ဖို့ မျှော်လင့်ရပါတယ်။ ဒီမဟာမိတ်အဖွဲ့ဟာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့အတွင်း ကူးသန်းရောင်းဝယ်ရေး သင်္ဘောသွားလာမှုကို ကာကွယ်ဖို့ သတင်းအချက်အလက် မျှဝေတာ၊ ပူးတွဲစစ်ရေးလေ့ကျင့်တာနဲ့ ရေကြောင်းစစ်ဆင်ရေးတွေကို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီလအစောပိုင်းတုန်းကလည်း ဟူသီအဖွဲ့ဟာ ဆော်ဒီကျောထောက်နောက်ခံပြု နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရရဲ့ စစ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ စနစ်တကျ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဟူသီတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်နေတာတွေ့လို့ ဆိုပြီး ဦးအောင် ဝင်တိုက်ရတာလို့လည်း အဖွဲ့က ပြောပါတယ်။
အစိုးရတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဝန်ခံထားပြီး ရိုက်တာသတင်းဌာနကတော့ အနည်းဆုံး စစ်သား ၃၀ သေဆုံးခဲ့တယ်လို့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြထားပါတယ်။
ဟူသီတွေ ထိန်းချုပ်ထားတဲ့ ဆန်နာမြို့နဲ့ တီဟီရန်မြို့ကြား တိုက်ရိုက်လေကြောင်းပျံသန်းမှု အငြင်းပွားမှု ဖြစ်ပွားခဲ့တဲ့ ဇူလိုင်လကတည်းက တင်းမာမှုတွေ စတင်မြင့်တက်လာခဲ့တာဖြစ်ပြီး ဒါဟာ ကာလရှည်ကြာ ရယူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ပျက်စီးစေခဲ့တာပါ။ ဇူလိုင် ၁၃ ရက်မှာ ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေက တီဟီရန်ကနေ ဟူသီကိုယ်စားလှယ်အဖွဲ့ ပြန်လည်လိုက်ပါလာမယ့် အီရန်လေယာဉ်ကို တားဆီးဖို့ ဆန်နာလေဆိပ်ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဟူသီအဖွဲ့က ရီယာဒ် (ဆော်ဒီအစိုးရ) ကို အပြစ်တင်ကာ အပစ်အခတ်ရပ်စဲရေး ပြီးဆုံးပြီလို့ ကြေညာခဲ့သလို ဆော်ဒီအာရေးဗီးယားကို ရေကြောင်းပိတ်ဆို့မှု လုပ်ဆောင်သွားမယ်လို့ပါ ဆက်လက်ထုတ်ပြန်ခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment