ပုဇွန်တောင်၊ သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် ကျောင်းနေအရွယ်ရင်သွေးငယ်များနှင့် လူငယ်များ၏ ကျန်းမာသန်စွမ်းမှုနှင့် ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး သံချဆေးနှင့် သံဓာတ်အားဆေး (FBC) တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၅) ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်ချက်၌ မူလတန်းနှင့် အလယ်တန်း ကျောင်းသား/ကျောင်းသူအားလုံးအား သံချဆေး (Albendazole) စနစ်တကျ တိုက်ကျွေးခြင်းကို ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် အလေးထားဆောင်ရွက်ခဲ့ပြီး၊ ကျောင်းသူ/ကျောင်းသားများ၏ခန္ဓာကိုယ်အတွင်းသံကောင်၊ တုတ် ကောင်စသည့် သံကောင်စွဲကပ်မှုကြောင့် ဖြစ်ပွားတတ်သော ရောဂါများကို ကာကွယ်ရန်အတွက် သံချဆေးတိုက်ကျွေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နန်းလှထွန်းက ပြောကြားခဲ့သည်။
ထို့နောက် အလယ်တန်းအဆင့် အရွယ်ရောက်စ ကျောင်းသူများအတွက် သံဓာတ်နှင့် ဖောလစ် အက်ဆစ်ပါဝင်သော FBC ဆေးပြားများကို တိုက်ကျွေးခဲ့ပြီး၊ FBC သံဓာတ်အားဆေး တိုက်ကျွေး ခြင်းဖြင့် ကျောင်းသူများ၏ သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပြီး ပညာသင်ကြားရေးတွင် ပင်ပန်းနွမ်းနယ်မှုမရှိဘဲ ကျန်းမာတက်ကြွစွာ သင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်
#MNP #News



No comments:
Post a Comment