ဩစတြေးလျနိုင်ငံအခြေစိုက် Asia Pacific Center for the Responsibility to Protect မှ အကြီးတန်းသုတေသီ Yuyun Wahyuningrum က ဩစတြေးလျ နိုင်ငံ Lowy Institute သုတေသနဌာနမှ လွှင့်တင်ထားသော The Interpreter အမည်ရှိ အင်တာနက် မီဒီယာဝက်ဘ်ဆိုက်တွင် "Starvation as a Weapon: The ICJ Myanmar Case Could Redefine Genocide" (အငတ်ထားခြင်းကို လက်နက်တစ်ခုအဖြစ်အသုံးပြုမှု၊ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ မြန်မာနိုင်ငံအမှုသည် လူမျိုးသုဉ်းစေမှုကို ပြန်လည်၍ အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်စေနိုင်သည်)ဟူသော ဆောင်းပါးတစ်ပုဒ်ကို ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ရေးသားထားခဲ့ကြောင်း တွေ့ရှိသတိပြုမိပါသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး၌ မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံတို့အကြားဖြစ်ပွားနေသော အမှုကိစ္စနှင့်ပတ်သက်၍ နောက်ဆုံးအပိုင်းဖြစ်သော နှစ်ဖက်နှုတ်ဖြင့် ထွက်ဆိုစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် တရားရုံး၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေချိန်တွင် ယခုဆောင်းပါးထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သာမန်အားဖြင့်ကြည့်လျှင် ဤဆောင်းပါးသည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ပတ်သက်သည့် သုံးသပ်ချက်တစ်ခုဟု ထင်မြင်ရသော်လည်း နောက်ကွယ်တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိနိုင်သည်ကို မှန်းဆသိမြင်နေရသဖြင့် ယင်းဆောင်းပါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ဥပဒေလေ့လာသူတစ်ဦး၏အမြင်ကို ထုတ်ဖော်တင်ပြရခြင်း ဖြစ်ပါသည်။
ဤဆောင်းပါးတွင် ဆောင်းပါးရှင်က လူမျိုးသုဉ်းစေမှု Genocide ဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်း၏ ပုဒ်မ(၂)(ဂ)ကို ရည်ညွှန်း၍ သူ၏ကိုယ်ပိုင်အမြင်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုရန် ကြိုးစားထားမှုကို တွေ့ရသည်။
အဆိုပါကွန်ဗင်းရှင်း၏ ပုဒ်မ(၂)မှာ လူမျိုးသုဉ်းစေမှုဟု သတ်မှတ်ခေါ်ဆိုနိုင်သောလုပ်ရပ်များကို ဖွင့်ဆိုထားခြင်းဖြစ်ပြီး ပုဒ်မ(၂)(ဂ)မှာ လူအုပ်စုတစ်စု (နိုင်ငံသား၊ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် ဘာသာရေးအုပ်စု) တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပျက်စီးစေရန်ရည်ရွယ်ချက်ဖြင့် “ယင်းအုပ်စု၏ ရုပ်ပိုင်းဆိုင်ရာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံအခြေအနေများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း” နှင့် ပတ်သက်၍ ပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။
ယင်းဆောင်းပါးတွင် မြန်မာနိုင်ငံနှင့် မိုင်ပေါင်း လေးထောင်ကျော် ဝေးကွာသော ဩစတြေးလျနိုင်ငံ တွင်နေထိုင်သူဆောင်းပါးရှင်သည် မြန်မာနိုင်ငံနှင့် မိုင်ပေါင်းခုနစ်ထောင်ကျော်ဝေးကွာသော ဂမ်ဘီယာနိုင်ငံကဲ့သို့ပင် ပကတိမြေပြင်အခြေအနေဖြစ်ရပ်များနှင့် ကင်းကွာသည့် တစ်ဖက်သတ် သတင်းစကားအချက်အလက်များကို အခြေပြု၍ မြန်မာနိုင်ငံအပေါ် စွပ်စွဲမှုများ ပြုလုပ်ထားသည်ကို တွေ့ရသည်။
၎င်းက အမှု၏ပဓာနကိစ္စဖြစ်သော ၂၀၁၇ ခုနှစ် ARSA အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များကို လူအုပ်ဖွဲ့တိုက်ခိုက်ခဲ့ရာမှ ကျယ်ပြန့်သွားခဲ့သည့် ပဋိပက္ခဖြစ်ရပ်မတိုင်မီ ကာလရှည်ကြာစွာကပင် မြန်မာအစိုးရက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြဋ္ဌာန်း၍ ယင်းဒေသရှိဘင်္ဂါလီ(၎င်း၏အခေါ် ရိုဟင်ဂျာ) အုပ်စုများကို နိုင်ငံမဲ့ဖြစ်စေပြီး တမင်သက်သက် ရည်ရွယ်ချက်ဖြင့် နေထိုင်သွားလာ ပိုင်ဆိုင်မှုကိုကန့်သတ်၍ လုပ်ကိုင်၊ စားသောက်၍ မရဖြစ်စေကာ ငတ်မွတ်အောင် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
တစ်ဖန် ၂၀၁၇ ခုနှစ် ဖြစ်ရပ်ကြောင့် ယင်းဒေသရှိ ဘင်္ဂါလီအချို့ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားကြသောအခါ ထိုသူတို့ပိုင်ဆိုင်သည့် လယ်ယာများကို မြန်မာအစိုးရက သိမ်းယူပြီး စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများကို သိမ်းဆည်းခြင်း၊ အခြားသူများကို မြေခွဲဝေပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့ပြန်သည်။
အဆိုပါစွပ်စွဲချက်များကို လေ့လာပါက ဆောင်းပါးရှင်သည် အကြီးတန်းသုတေသီဟု ဆိုသော်လည်း သတင်းအချက်အလက်များကို စနစ်တကျရှာဖွေစုဆောင်း ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ခြင်းမရှိဘဲ ရမ်းသန်းစွပ်စွဲမှုများနှင့် ရှေ့နောက်မညီမှုများကို တွေ့ရပေသည်။
ဥပမာအားဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် ယင်းဒေသရှိ ဘင်္ဂါလီအုပ်စုများကို နိုင်ငံမဲ့ဖြစ်စေရန် တမင်ပြုစုပြဋ္ဌာန်းခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံသားဖြစ်မှု ဆိုင်ရာစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများကို မြန်မာတစ်နိုင်ငံလုံးအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား စသည်ဖြင့် နိုင်ငံသားဖြစ်ခွင့်ပေးထားပြီး ထိုဥပဒေအရ နိုင်ငံသားလက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားသော ဘင်္ဂါလီနွယ်ဖွား များစွာရှိပြီးဖြစ်သကဲ့သို့ နိုင်ငံသားအဖြစ် စိစစ်သတ်မှတ်ပေးနိုင်ရန် လျှောက်ထားဆဲဦးရေမှာလည်း အများအပြားရှိနေသည်မှာ ပကတိအမှန်တရားဖြစ်၏။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းကျမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများမှာမူ မည်သည့်လူမျိုးမဆို တရားမဝင် ဝင်ရောက်လာသူများအဖြစ်သာသတ်မှတ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်သာဖြစ်ပေသည်။ ကမ္ဘာပေါ်၌လည်း တရားမဝင် ဝင်ရောက်လာသူများနှင့်ပတ်သက်၍ မိမိတို့ဆိုင်ရာ လူဝင်မှုဥပဒေများဖြင့် အသီးသီးအရေးယူဆောင်ရွက်ကြသည်သာဖြစ်၏။
ဩစတြေးလျနိုင်ငံ၌လည်း တရားမဝင် ဝင်ရောက်လာသူများကို တင်းကျပ်စွာစိစစ်ပြီး ဩစတြေးလျနိုင်ငံအတွင်း၌ ထိန်းသိမ်းရေးစခန်းခုနစ်ခုအပြင် နိုင်ငံပြင်ပဖြစ်သော နော်ရူးကျွန်း၌လည်းငွေပေး၍ နေရာငှားရမ်းကာ စခန်းဆောက်လုပ်ထားရှိနေသည်ကို တွေ့ရမည်ဖြစ်ပေသည်။ ထိုသူတို့သည် ယင်းစခန်းများမှ လွတ်လပ်စွာထွက်ခွာ၍ သွားလာခွင့်၊ လယ်ယာလုပ်ကိုင်ခွင့်များ ရရှိကြပါသလောဟုမေးလျှင် ထိုဆောင်းပါးရှင်မည်သို့ဖြေကြားမည်ကို သိလိုလှမိသည်။
မြန်မာနိုင်ငံတွင် ဘူးသီးတောင်၊ မောင်တော အပါအဝင်ဒေသများ၌ ဆောင်းပါးရှင် ကိုယ်တိုင်ဝန်ခံထားသကဲ့သို့ ဘင်္ဂါလီနွယ်ဖွားများသည် လယ်ယာလုပ်ကိုင်ခွင့်၊ ငါး၊ ပုစွန်မွေးမြူရေးကန်များ လုပ်ကိုင်ခွင့်ရရှိကြသလိုအချို့မှာ မြို့ကြီးများ၌ လုပ်ငန်းရှင်ကြီးများအဖြစ်ပင် ရောက်ရှိနေကြသည်ကို မြန်မာနိုင်ငံသားများက သိရှိကြပါသည်။
ထိုသို့ မှားယွင်းသောအချက်အလက်များကို အခြေခံ၍ ဆောင်းပါးရှင်က စွပ်စွဲထားသည့်အပြင် ဥပဒေဆိုင်ရာနှင့်ပတ်သက်၍လည်း သူ၏သိနားလည်မှုမှာ အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့် ဝေးကွာဆဲဖြစ်ကြောင်း တွေ့ရပြန်သည်။
လူမျိုးသုဉ်းစေမှုကဲ့သို့သော အလွန်အရေးကြီးသည့် ပြစ်မှုများ၌ သက်သေပြချက်များသည် သံသယဖြစ်ဖွယ် တစိုးတစိမျှမရှိရလေအောင် (Beyond reasonable doubt) ခိုင်လုံမှုရှိရမည်ဟု အပြည်ပြည်ဆိုင်ရာ တရားစီရင်ထုံးများက လက်ခံထားကြသည်။ ပြစ်မှုတစ်ခုနှင့်ပတ်သက်၍ ပြစ်မှု ဆိုင်ရာဥပဒေအရ ပြစ်မှုကျူးလွန်ရန် တမင်ရည်ရွယ်ချက် (Mens Rea) ရှိကြောင်း၊ ထိုရည်ရွယ်ချက်ကို အထမြောက်အောင် တမင်လုပ်ဆောင်မှု (Actus Reus)ရှိကြောင်း ခိုင်လုံစွာသက်သေပြရမည် ဖြစ်သည်။ “၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပြဋ္ဌာန်းမှုက လူအုပ်စုတစ်စုကို ငတ်မွတ်မှုဖြစ်စေရန် တမင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သည်” ဟု ဆောင်းပါးရှင် ၏ရေးသားမှုမှာ အထက်ပါဥပဒေထုံးစံများနှင့် အလှမ်းကွာလှပြီးလမ်းဘေးမှ လူပြိန်းတစ်ဦး၏ မလိုတမာ စွပ်စွဲပြောဆိုမှုအဆင့်ထက် များစွာမပိုလှပေ။
ထို့အပြင် အပြည်ပြည်ဆိုင်ရာတရားရုံးသည် ကမ္ဘာပေါ်၌ အဆင့်အမြင့်ဆုံးတရားရုံးဖြစ်ပြီး ထိုသို့အပြင်ဘက်မှ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ထင်ရာမြင်ရာ ရေးသားမှုဖြင့် နိုင်ငံတကာ ကွန်ဗင်းရှင်းဥပဒေတစ်ရပ်ကို လိုရာဆွဲ၍ ပြန်လည်အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ပေးရန် အကြောင်းမရှိပေ။
အပြည်ပြည်ဆိုင်ရာတရားရုံး ပဋိညာဉ် ပုဒ်မ(၃၈)အရ အမှုစီရင်ဆုံးဖြတ်ရာ၌ အသုံးပြုရမည့် ဥပဒေ၊ဓလေ့ထုံးတမ်းဥပဒေနှင့် အခြေခံသဘော တရားများ၊ စီရင်ထုံးများ စသည့်အချက်များ၌လည်း ဤအကြောင်းအရာမပါရှိပေ။ အပြည်ပြည် ဆိုင်ရာတရားရုံးပဋိညာဉ်၏ ပုဒ်မ(၆၀) အရ တရားရုံး၏စီရင်ချက်သည် အပြီးသတ်ဖြစ်ပြီး စီရင်ချက်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက်၍ အငြင်းပွားမှုရှိပါက အဓိပ္ပာယ်ဖွင့်ဆိုပေးရန်တောင်းဆိုပိုင်ခွင့်မှာ အမှုတွင် ပါဝင်ရင်ဆိုင်လျက်ရှိကြသော နိုင်ငံများ ထံ၌သာ ရှိလေသည်။
သို့ပါလျက် ဤကဲ့သို့ တာဝန်မရှိသူတစ်ဦးက ဤအမှုကိစ္စတွင် မဆီမဆိုင်ဝင်ရောက်ပြောကြားနေမှုမှာ ဥပဒေအကြောင်းခြင်းရာများကိုလည်း သေချာစွာမလေ့လာ၊ ပကတိမြေပြင်ရှိ အမှန်တရားများကိုလည်း သေချာမသိဘဲ တောရမ်းပယ်ဖွဲ့ ထင်ကြေးများဖြင့် မဟုတ်မတရား စွပ်စွဲခြင်းသာဖြစ် ကြောင်း ထင်ရှားနေပေသည်။
မြေပြင်အခြေအနေတွင် ရခိုင်ပြည်နယ်၌ အစိုးရက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသော နေရပ်စွန့်ခွာသူများအတွက် စောင့်ရှောက်ရေးစခန်းများတွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီ အထောက်အပံ့ကို ရရှိကြသကဲ့သို့ ဥပဒေနှင့်အညီ လွတ်လပ်စွာအလုပ်လုပ်ကိုင်၊ အသက်မွေးဝမ်း ကျောင်းခွင့်၊ ပညာသင်ကြားခွင့်၊ ဆေးဝါးကုသခွင့်နှင့် ကိုးကွယ်ဝတ်ပြုခွင့်များလည်းရရှိကြပြီး လူမျိုးသုဉ်းရန်ဝေးစွ၊ လူဦးရေပင် မှန်မှန်ကြီးတိုးပွားလျက်ရှိကြောင်း နိုင်ငံတကာမှ သံတမန်များ၊ သတင်းစာသမားများကိုယ်တိုင် မျက်မြင်တွေ့ရှိကြစေရန် ခေါ်ယူဖိတ်ကြားပြသခဲ့ပြီးဖြစ်သည်။ လုံခြုံရေးအခြေအနေအရ ယာယီတိုက်ပွဲရှောင်လာသူများကိုလည်း လူမျိုး၊ ဘာသာမခွဲခြားဘဲ ကာကွယ်စောင့်ရှောက်ထောက်ပံ့ပေးလျက်ရှိသည်။
သို့သော်လည်း အဆိုပါဆောင်းပါးရှင်သည် အင်အားကြီးမားသော မီဒီယာစွမ်းအားကို အလွဲသုံးစားပြုလျက် အမှန်တရားကို ဥပေက္ခာပြုကာ မမှန်သတင်းအချက်အလက်များဖြင့် မှိုင်းတိုက်၍ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားသေးသိမ်အောင် တမင်သက်သက်ဆောင်ရွက်နေခြင်းသာဖြစ်မည်ဟု ယူဆရဖွယ်ရှိပေသည်။ ထိုသို့ မဟုတ်မမှန် လုပ်ကြံပြောဆိုမှုကို မတုံ့ပြန်ဘဲထားရှိပါက အမှားကြာလျှင် အမှန်ထင်သွားတတ်သည့်အတွက် အမှားတွေ့လျှင်အမှန်ပြင်ရမည့် တာဝန်ကိုယူကာ ရေးသားဖြေရှင်းလိုက်ရခြင်းဖြစ်ပါသတည်း။
ဥပဒေလေ့လာသူတစ်ဦး
#News #Myanmar

No comments:
Post a Comment