PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်






နေပြည်တော်၊ ဩဂုတ် ၁၄

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂ဝ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင် အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည် ဝင်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့မှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ နတ်တလင်းမြို့မှ အမျိုးသား ၃ ဦ။ အုတ်ဖိုမြို့မှ အမျိုးသား ၈ ဦး၊ ညောင်လေးပင်မြို့မှ အမျိုးသား ၄ ဦး၊ စုစုပေါင်း PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂ ဦး တို့အား ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိအေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေပုဒ်မ များနှင့် ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA-1 သေနတ် ၃ လက်၊ M-4 သေနတ် ၃ လက်၊ BA-63 သေနတ် ၁ လက်၊ အီနာဂါဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ ၅ ဒသမ ၅၆ မမကျည် ၃၂၂ တောင့်၊ ၇ ဒသမ ၆၂ မမကျည် ၁၄၀ တောင့်၊ ကိုးလုံးကျည် ၁၃ တောင့်နှင့် ကျည်အိမ် ၅ ခု တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၇ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၃၅၀ ၊ အီနာဂါဗုံးသီး ၁ လုံးအတွက် ဆုကြေးငွေကျပ် ၃ သိန်း၊ လက်ပစ်ဗုံး ၃ လုံး အတွက် ဆုကြေး ငွေကျပ် ၉ သိန်းနှင့် အလင်းဝင်ရောက်လာသူ ၂ဝ ဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ် ၂ သိန်းစီဖြင့် သိန်း ၄ဝ ကျပ်၊ စုစုပေါင်း ဆုကြေးငွေ ၄၀၂ သိန်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ခံဝန်ကတိလက်မှတ် ရေးထိုးစေပြီး မိဘအုပ် ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးရာ အလင်းဝင် ရောက်လာသူများ၏ ကိုယ်စား အလင်းဝင်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူ များနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များ အတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင် ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာ ခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည် လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်း တို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။



#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)