(၁၁) ကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ ထိပ်သီးအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် နှင့် ၁၀ ရက်တို့တွင် ဟောင်ကောင်ကွန်ဗင်းရှင်းနှင့် ကုန်စည်ပြပွဲဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကို ပါဝင်တက်ရောက်ခဲ့ပြီး ASEAN Zone ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပြခန်းပါဝင်ပြသခဲ့သည်။
အဆိုပါ ထိပ်သီးအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဟောင်ကောင်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKTDC) ဥက္ကဋ္ဌ Prof. Frederick Ma က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး The Hon Mr. John Lee Ka-chiu က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားတွင် ဥဇဘက်ကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Mr. Abdulla Aripov၊ ဥရုဂွေးနိုင်ငံ ဒုတိယသမ္မတ Ms. Carolina Cosse နှင့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Saleumxay Kommasith တို့က အထူးမိန့်ခွန်းများ ပြောကြားခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Yan Dong နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဥက္ကဋ္ဌ Mr. Li Zhen တို့ကလည်း အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်သည် ဟောင်ကောင်အခြေစိုက် ရပ်ဝန်းနှင့်ပိုးလမ်းမကော်မရှင်နာ Mr. Nicholas Ho ဦးဆောင်၍ “Advancing High-Quality Development, Embarking on a New Journey” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲသို့ ဆက်လက်တက်ရောက်ခဲ့သည်။
မြန်မာကောင်စစ်ဝန်ချုပ်သည် အဆိုပါ ထိပ်သီးအစည်းအဝေး၏ ဒုတိယနေ့ဖြစ်သော စက်တင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းတွင် HKTDC ဥက္ကဋ္ဌ Prof. Frederick Ma ဦးဆောင်ကျင်းပသည့် ASEAN Market Day ဆွေးနွေးပွဲသို့ ဟောင်ကောင်ဒေသအခြေစိုက် အာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် Golden Resources Development International Ltd ၊ Gold Peak Technology Group Ltd၊ Lee Kee Group ၊ Novostal Ltd နှင့် Bank of China (Hong Kong) Ltd တို့မှ လုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူများက အာဆီယံဈေးကွက်အတွင်း လုပ်ငန်းတိုးချဲ့ရေးဆိုင်ရာ လက်တွေ့ကျသော အကြံပြုချက်များနှင့် စီးပွားရေးအခွင့်အလမ်းများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် တက်ရောက်သူများသည် Global Investment Zone အတွင်းရှိ ASEAN Zone ပြခန်းများသို့ သွားရောက်လေ့လာခဲ့ကြပြီး HKTDC ၏ အာဆီယံဒေသဆိုင်ရာ ရုံးခွဲများ၊ အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တိုက်ရိုက်တွေ့ဆုံကာ စီးပွားရေးမိတ်ဖက်သစ်များ ရှာဖွေခဲ့ကြသည်။ ASEAN Zone ၌ ပါဝင်ပြသခဲ့သည့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးပြခန်းတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပံ့ပိုးပေးသော မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများဆိုင်ရာ လက်ကမ်းစာစောင်များကို ခင်းကျင်းပြသခြင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပံ့ပို့ပေးသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်သည့် ရုပ်သံဖိုင်ကို ဖွင့်လှစ်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး၊ စီးပွားရေးသံမှူးအနေဖြင့် လာရောက်လေ့လာသူများ၏ မေးမြန်းစုံစမ်းမှုများကိုလည်း ဖြေကြားဆွေးနွေးပေးခဲ့သည်။
#News #Myanmar



No comments:
Post a Comment