နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ - Myanmar National Post

Myanmar National Post

News Agency

Breaking


နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ





နေပြည်တော်၊ စက်တင်ဘာ ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ရန် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တပ်မတော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ၏ အထက်လွှတ်တော်ဥက္ကဋ္ဌ (ယာယီ နိုင်ငံတော်အကြီးအကဲ)နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအဆင့်မြင့်ဆွေးနွေးပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံအစိုးရများနှင့် လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ စက်မှုနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်းအကြား ထိတွေ့ဆက်ဆံမှုအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ပါသည်။

ထို့ပြင် နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံရှိ အထင်ကရနေရာများနှင့် ရှေးဟောင်းဘုရားများကို လေ့လာဖူးမြော်သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားပါသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)