ထိုင်းနိုင်ငံတွင် မူးယစ်ပြစ်မှုကျူးလွန်ပြီး တာချီလိတ်မြို့၌ တိမ်းရှောင်နေသူ အဓိကအလိုရှိတရားခံပြေး ၃ ဦးအား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking


ထိုင်းနိုင်ငံတွင် မူးယစ်ပြစ်မှုကျူးလွန်ပြီး တာချီလိတ်မြို့၌ တိမ်းရှောင်နေသူ အဓိကအလိုရှိတရားခံပြေး ၃ ဦးအား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်



နေပြည်တော်၊ စက်တင်ဘာ ၁၁

ထိုင်းနိုင်ငံတွင် မူးယစ်ပြစ်မှုကျူးလွန်ပြီး မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ထွက်ပြေးတိမ်းရှောင် နေသူ ၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား မြန်မာ - ထိုင်းနယ်စပ်၊ အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ယမန်နေ့က ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

မြန်မာ-ထိုင်းနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရ နှစ်ဘက်နိုင်ငံမှ မူးယစ်ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသော အလိုရှိတရားခံပြေးများ ဖမ်းဆီးရမိရေး အပြန်အလှန် သတင်းဖလှယ်ပူပေါင်း ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၁-၇-၂၀၂၆ ရက်နေ့တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိနေအိမ်၌ ထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့်အလိုရှိတရားခံပြေး Mr. Boy Lueansiri ၊ Ms. Kulapom Makvemal နှင့် ၁၇-၇-၂၀၂၆ ရက်နေ့တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိနေအိမ်၌ ထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး Mrs. Chonlanat(ခ)Budsanee Insuwan တို့အား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ မူးယစ်ပြစ်မှုဖြင့် အဓိကအလိုရှိတရားခံပြေး ၃ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေ(လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၇(၂)အရ ပြည်နှင်ဒဏ်အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ ထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၃ ဦးအား ၁၀-၉-၂၀၂၆ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲအချိန်တွင် မြန်မာ - ထိုင်းနယ်စပ်၊ အမှတ်(၁)ချစ်ကြည်ရေးတံတား၌ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် သန့်လွင်မောင် ဦးဆောင်သောအဖွဲ့က ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးချုပ် Pol. Maj. Suriya Singhakamol ဦးဆောင်သည့်အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုသို့လွှဲပြောင်းပေးအပ်စဉ် တာချီလိတ်မြို့နယ်၌ အထောက်အထားမဲ့ ဝင်ရောက်နေထိုင်နေသဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး Mr.Charong Montim ၊ Mr. Veerarit Lekkul(ခ)Num နှင့် Mr. Arnon Janta (ခ) Oak ၊ ပြန်ပေးမှုဖြင့် အလိုရှိတရားခံပြေး Mr. Veerarit Lekkul(ခ)Num ၊ အထောက်အထားမဲ့နေထိုင်သူ Mr. Piyapat Kongkuea နှင့် Ms. NuchanatSuwannakon တို့ ၆ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေ(လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ၇(၂)အရ ပြည်နှင်ဒဏ်အမိန့်ချမှတ်ခဲ့သဖြင့် တာချီလိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ တာချီလိတ်မြို့နယ်လဝကမှူး ဦးစိုင်းဝင်းလတ်ထွန်း မှ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးမှူး Pol.lt.Col. Oattarapong Chucheun ထံသို့ ဆက်လက်လွှဲပြောင်းပေးခဲ့သည်။

နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစီအစဉ်အရ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဘက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ နယ်စပ်ဖြတ်ကျော် မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို အပြန်အလှန် ဖော်ထုတ်ဖမ်းဆီးလွှဲပြောင်းပေးခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာမှ မူးယစ်ဆေးဝါးပြစ်မှု၊ နိုင်ငံဖြတ်ကျော်မှုခင်းများကျူးလွန်ပြီး နယ်စပ်ဒေသများ၌ ထွက်ပြေးတိမ်းရှောင်ကာ မှုခင်းများထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို ဖော်ထုတ်ဖမ်းဆီးလွှဲပြောင်းပေးခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေသည့်အပြင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ထားသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)